Saturday, September 6, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဆွစ်ဇာလန်နိုင်ငံ သမ္မတ က ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ကြိုဆိုနှစ်နိုင်ငံ ဆွေးနွေးပွဲသို့ တက်ရောက်

ဘန်း စက်တင်ဘာ ၆
ဆွစ်ဇာလန်နိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် စက်တင်ဘာ ၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဆွစ်ဇာလန်နိုင်ငံ သမ္မတအိမ်တော် Lohn Manor ဧည့်ဂေဟာ၌ ကျင်းပသည့် ဆွစ်ဇာလန်နိုင်ငံသမ္မတ Mr. Didier Burkhalter က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနား သို့ တက်ရောက်သည်။

နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုကြိုဆိုပွဲကျင်းပမည့်နေရာသို့ ရောက်ရှိလာရာ ဆွစ်ဇာလန်နိုင်ငံ သမ္မတက ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး  ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဆွစ်ဇာလန်နိုင်ငံ သမ္မတတို့သည် သမ္မတ အိမ်တော်၌ တွေ့ဆုံဆွေးနွေး ကြသည်။ ဆက်လက်၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကို Grand Salon တွင် ဆက်လက် ကျင်းပသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးကြစဉ် သက်မွေးပညာသင်ကျောင်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့် တင်ရေး၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊  လူ့အခွင့်အရေး မြှင့်တင်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့်လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာများ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခများ ကာကွယ်တားဆီးရေး၊ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ ဆက်ဆံရေးတို့ကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနများ အကြား ဒုတိယ၀န်ကြီးအဆင့်ညှိနှိုင်းဆွေးနွေးမှု (Foreign Office Consultations (FOC) ယန္တရားထူထောင် ရေး၊ ဆွစ်ဇာလန်နိုင်ငံမှ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၃-၂၀၁၇ ခုနှစ်အထိ ငါးနှစ်စီမံ ကိန်းအဖြစ် အမေရိကန်ဒေါ်လာ ၁၆၄ သန်း အကူအညီပေးရေးကိစ္စများကို သဘောတူညီခဲ့ကြသည်။
ထို့ပြင် ဆွစ်ဇာလန်နိုင်ငံတွင် ပုဂံနှင့် ပျူခေတ် ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ ပြပွဲကျင်းပနိုင်ရေး၊ ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အဦများကို ထိန်းသိမ်းစောင့် ရှောက်ရေးတို့နှင့် စပ်လျဥ်း၍လည်း ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆွစ်ဇာလန်နိုင်ငံသမ္မတနှင့်အတူ ၀န်ကြီးများ၊ ဆွစ်ဇာလန် သံအမတ်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
ဆွစ်ဇာလန်နိုင်ငံ သမ္မတသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၂ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ လှိုင်မြို့နယ်၌် နိုဝင်ဘာ ၃ ရက်တွင် ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံ သံရုံးဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဆွစ်ဇာလန်နိုင်ငံ သမ္မတတို့သည် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲကို Salon Churchill ရှိ ပထမထပ်တွင် ကျင်းပပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ ညပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ သမ္မတက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့အား ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


No comments:

Post a Comment