Tuesday, September 30, 2014

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဆောင်ရွက်မှုများထောက်ခံ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ တွင် အတူတကွ ပူးပေါင်းဆောင်ရွက်မည်




နေပြည်တော် စက်တင်ဘာ ၂၉
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကိုရီးယားသမ္မတအိမ်တော် (Blue House) ၌ ကိုရီးယားသမ္မတနိုင်ငံ သမ္မတမစ္စ ပါ့ခ်ဂွန်ဟေးအား သွားရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အ တွက် ဆောင်ရွက်နေမှုများကို လည်း အားပေးထောက်ခံကြောင်း၊ ယနေ့ ကမ္ဘာတစ်ဝန်း ရင်ဆိုင်နေရသည့် ခြိမ်းခြောက်စိန်ခေါ်မှု များကို ငြိမ်းချမ်းစွာဖြေရှင်းခြင်းဖြင့် အောင်မြင်မှုရရှိ လိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် နျူကလီးယား မပြန့်ပွားရေးစာချုပ် Nonproliferation of Nuclear Weapons (NPT) အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှနျူကလီးယားကင်းမဲ့ ဇုန် စာချုပ်တွင်လည်း ၁၉၉၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် Additional Protocol ကို ထပ်မံလက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။
ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စပါ့ခ်ဂွန်ဟေးက မိမိတို့ နှစ်နိုင်ငံအကြား ယုံကြည်မှုတည်ဆောက်ရာတွင် စစ်ဘက် ဆက်ဆံရေး မြှင့်တင်ဆောင်ရွက် နိုင်ခြင်းသည် အထူးအရေးကြီးသောကဏ္ဍဖြစ်ကြောင်း၊ နှစ်နိုင်ငံ စစ်ဘက် အရာရှိကြီးများ အပြန်အလှန် အလည်အပတ်ခရီး သွားရောက်နိုင်ရေးအတွက်လည်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် နည်းလမ်းရှာဖွေပြီး အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်အရာရှိကြီးများ၊ ကိုရီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလွင်တို့တက်ရောက်ခဲ့ပြီး ကိုရီး ယားသမ္မတနိုင်ငံဘက်မှ Joint Chiefs of Staff  ဖြစ်သူ Admiral Choi Yoon-hee နှင့် အစိုးရ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညပိုင်းတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီးနှင့်အဖွဲ့အား ကိုရီးယားတပ်မတော် Joint Chiefs of Staff Office မှ  Major General Kim Yong-woo နှင့်ဇနီးတို့သည် ဆိုးလ်မြို့ Korea House Restaurant ၌ ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment