သံဖြူဇရပ် စက်တင်ဘာ ၅
ရော်ဘာစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်နှင့် အထွက်နှုန်းကောင်းမွန်သည့်
ပျိုးပင်များရွေးချယ် စိုက်ပျိုးနိုင်ရေး အတွက် မော်လမြိုင်ခရိုင်နှင့် သံဖြူဇရပ်မြို့နယ်
စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူ အသင်းတို့ပူးပေါင်းကာ
ရော်ဘာပျိုးခင်းတည်ထောင်ခြင်းနှင့် မျိုးခွဲခြားခြင်း သင်တန်းဆင်းပွဲကို စက်တင်ဘာ(၅)ရက်နေ့၊
မွန်းလွဲ(၂)နာရီအချိန်တွင် မြို့နယ်စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန သင်တန်းခန်းမတွင်
ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ခရိုင်ဦးစီးအရာရှိ ဒေါ်ဌေးဌေးစန်း၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဌ
ဦးကျင်အိန် တို့မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်ဦးစီးအရာရှိမှ သင်တန်းဆင်းလက်မှတ်များကို
ပေးအပ်ခဲ့သည်။
''ကျွန်တော် ရော်ဘာစိုက်ပျိုးခင်းတည်ထောင်ပြီး ပျိုးပင်ရောင်းနေတာ (၁၀)နှစ်ကျော်ရှိပါပြီး၊
ယခင်က ကိုယ်တတ် သလောက် သိသလောက်နဲ့ ပျိုးခင်းတည်ထောင်ပြီး ကိုင်းကူးကိုင်းဆက်လုပ်နေတာ
အခက်အခဲတွေ အများကြီးရှိခဲ့ သလို ဆုံးရှုံးမှုတွေလည်းမနည်းပါဘူး၊ အခုဒီသင်တန်းကို ရက်တို(၅)ရက်တက်ပြီး
ပညာရှင် တွေဆီက နည်းပညာ တွေရခဲ့တာ ငွေကြေးနဲ့တန်ဖိုးဖြတ်လို့မနိုင်ပါဘူး။ ဌာနနဲ့ပညာရှင်တွေကိုလည်း
ကျေးဇူးတင်ပါတယ်။ နောင်ဖွင့်မယ့် သင်တန်းတွေကို ရော်ဘာတောင်သူတွေတက်သင့်တယ်။ ဒါမှမြန်မာ့ရော်ဘာ
အထွက်နှုန်းက ကမ္ဘာ့နိုင်ငံ တွေနဲ့ ယှဉ်နိုင်စွမ်းရှိမှာပါ '' ဟု သံဖြူဇရပ်မှ ရော်ဘာပျိုးခင်းတည်ထောင်သူ
ဦးမင်းဟန်မှ ပြောကြားမှုကို ကြားသိရ သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဒေါ်မို့မို့ခင်က
သင်တန်းနည်းပြများကို ဂုဏ်ပြု လက်ဆောင်ချီးမြှင့်ခဲ့ပြီး သင်တန်းကို စက်တင်ဘာလ (၁)ရက်မှ
(၅)ရက်အထိ ဖွင့်လှစ်ခဲ့ကာ သင်တန်း သား/သူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment