နိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးလုပ်ငန်းအဖြစ် ကိုင်တွယ် လုပ်ဆောင်ခဲ့သည်ကို အများပြည်သူအသိပင်
ဖြစ်သည်။ ကျေးလက်နေလူဦးရေ၏ ၂၉ ဒသမ ၂ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးလျက်ရှိရာ ၂၀၁၅ ခုနှစ်တွင်
၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် အမျိုးသားဖွံ့ဖြိုးမှုစီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့သည်။
မိမိတို့ ကျေးလက်နေ တောင်သူ
လယ်သမားများ နိုင်ငံနှင့်အဝန်း အဓိက စိုက်ပျိုးထုတ်လုပ်သော
မိုးစပါး စိုက်ဧကပေါင်း ၁၇ သန်းနှင့် နွေစပါးစိုက်ဧကပေါင်း သုံးသန်း စုစုပေါင်းသန်း
၂၀ စိုက်ပျိုးလျက်ရှိသည်။ ဆန်ကိုသာ အဓိကထား၍ စားသုံးကြသော မိမိတို့ နိုင်ငံ အဖို့ ပြည်တွင်း စားနပ်ရိက္ခာ
ဖူလုံရေးနှင့် အာဟာရဓာတ် ပြည့်ဝစေသော စပါးသီးနှံသည် မြန်မာနိုင်ငံ၏ အသက် သွေးကြော ပမာဖြစ်သည်။
မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် ပဓာနကျသော စီးပွားရေး
လုပ်ငန်းလည်း ဖြစ်သည်။
မိမိတို့တောင်သူများသည် ကာလ ဒေသ ပယောဂတွင်
နစ်မျောနေရာက နိုးထရန် လိုအပ်လာသော ၁၉၆၀ ဝန်း ကျင်က အခြေအနေကို သတိပြုကြရမည်ဖြစ်သည်။
ဒေသမျိုးများ၏ ကောင်းခြင်းများ၊ ဒေသခံတို့ ခံတွင်း ကြိုက်နှစ်သက်၍ စားကောင်းခြင်း၊
စိုက်စရိတ်သက်သာခြင်း တို့က ယနေ့ကာလတွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင် ရလျက်ရှိသည်။
တစ်နေ့က သတင်းစာပါ သတင်းတစ်ပုဒ် တွင် "အထွက်ကောင်းသော်လည်း ရောင်းချမှုခက်ခဲ၍ ပုလဲသွယ်စိုက်သူမရှိ"
ဟူသော ခေါင်းစီးဖြင့် ဖတ်လိုက်ရသည်။ အကြောင်းပြချက်များ မှာလည်း အာပူလာလျှာလွှဲသော စကားမျှသာဟု
မိမိတွေးမိပါသည်။ စပါးသက်တမ်း တိုသည်ကိုပင် အပြစ်မြင် ထားသည်။ ဤသို့သက်တမ်း တိုစေခြင်းသည်ပင်
တောင်သူတို့ အထွက်တိုးစပါးမျိုးအတွက် လိုအပ်သော အရည်အသွေး ကောင်းဖြစ်သည်ကို သတိပြုသင့်ပါသည်။
သက်တမ်းတိုမှလည်း တစ်ယူနစ်ဧရိယာအပေါ်မှ အထွက်နှုန်း တိုးတက်ထုတ်လုပ်ရေး၊ တစ်သီးမှနှစ်သီး၊
နွေစပါး၊ မိုးစပါးဟူ၍ စိုက်ပျိုးနိုင်ပါမည်။ တောင်သူတို့ ဝင်ငွေတိုး အစီအမံများနှင့်
အံဝင်ခွင်ကျဖြစ်မည်ဟု တွေးမြင်သင့်ပါသည်။
ကမ္ဘာ့လူဦးရေသည် ၁၈၀၄ ခုနှစ်တွင် သန်း ၁၀၀၀၊
၁၉၂၇ ခုနှစ်တွင်သန်း ၂၀၀၀၊ ၁၉၆၀ ခုနှစ်တွင် သန်း ၃၀၀၀ စသဖြင့် ၂၀၁၁ ခုနှစ်တွင်မူ ယင်းနှုန်းအတိုင်း
သန်း ၇၀၀၀ ဖြစ်လာသည်ကို အများအသိဖြစ်သည်။ လူဦးရေ တိုးနှုန်းသည် ရပ်တန့်နေသည်မဟုတ်၊ မိမိတို့နိုင်ငံအတွက်သာမက
ကမ္ဘာတစ်ဝန်းလုံးရှိ လူဦးရေနှင့် လိုက်လျော ညီထွေသော စားရေရိက္ခာဖူလုံရေး လိုအပ်ချက်သည်
အစဉ်မြင့်မားလျက်ရှိနေသည်။ ပြည်တွင်း စားသုံးမှုအတွက် လက်ရှိ အခြေအနေတွင် အရေးတကြီး
မဟုတ်သော်လည်း ကမ္ဘာ့လိုအပ်ချက်ကို ဖြည့်ဆည်း ရန်မှာ အထူးသဖြင့် မိမိတို့နိုင်ငံသည်
အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အားလျော်စွာ တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ရမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် ဆန်စားသုံးမှုမှာလည်း အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့်
အပြင် ပထဝီဝင်အနေအထား အရလည်း အိမ်နီးချင်းနိုင်ငံ အချို့၏ ဆန်လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနေရသည်။
သို့ဖြစ်ရာ ဆန်စပါး ထွက်ရှိမှုပမာဏ တိုးတက်ရန်ဆောင်ရွက်ရေး သည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်လာသည်။
ခေတ်အဆက်ဆက် ဆန်စပါးစိုက်ပျိုးမှုကိုလေ့လာပါက
မိမိတို့၏ပေါကြွယ်ဝသည့် သဘာဝအရင်းအမြစ်အားကို အသုံးချကာ အစဉ်တစိုက်စိုက်ပျိုးမှု သက်သက်သာ
ဖြစ်ခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။ နည်းပညာ အခြေခံသော အားထုတ်ကြိုးပမ်းမှု နည်းပါးနေခဲ့ကြောင်း
မိမိတို့ဝန်ခံကြရမည်ဖြစ်သည်။
ထို့ကြောင့်လည်း ဝန်ကြီးဌာနသည် စိုက်ပျိုးထုတ်လုပ်မှု
နည်းပညာများကို သုတေသနဓာတ်ခွဲခန်းများနှင့် စာသင် ခန်းများတွင် အဆုံးသတ်မထားဘဲ မူလရည်ရွယ်ရာ
ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ကြရမည့် တောင်သူ များ လယ်ကွင်းများဆီသို့ ပို့ဆောင်ပေးကြရန်
အဓိကတာဝန်တစ်ရပ်ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင်
ဝန်ထမ်းများနှင့်တွေ့ဆုံတိုင်း အတန်တန်မှာကြား လေ့ရှိ သည်။ တောင်သူတို့ ကလည်း ပေးသော လက်များ၏
စေတနာကို သံသယကင်းစွာ လက်ခံရယူကြဖို့ လိုကြောင်းမိမိပြောလိုပါသည်။
စပ်မျိုးတို့၏ ကောင်းခြင်းလက္ခဏာများကို စပ်မျိုးစပါးပညာရှင်တို့ကဘက်စုံ၊
ထောင့်စုံမှ အချိန်ယူ သုတေသနပြုကာ ထုတ်ပြန် လက်ခံထားခြင်းဖြစ်ကြောင်း သတိပြုကြရမည်ဖြစ်သည်။
မိမိတို့တောင်သူများ သည် ရှေးရိုးရာအစဉ် အလာအရိပ်ကြောင့် မျိုးစေ့ (Seed) နှင့် သီးနှံစေ့
(Grain) တို့ကိုလည်း မကွဲ မပြားဖြစ်နေသူများ အချို့ရှိနေဟန်တူပါသည်။ "မျိုးစေ့"
ဟူသည်မှာ ထုတ်လုပ်စဉ်ကပင် စိုက်ပျိုးရန်ရည်ရွယ် သဖြင့် မျိုးစေ့၏ သတ်မှတ်အရည်အသွေး
စံချိန်စံညွှန်းပြည့်မီရမည်။ မူလမျိုးရိုးဗီဇရုပ် သွင်ပြင်များ ထပ်တူညီမျှ တူရမည်။ စနစ်တကျထိန်းသိမ်း
ထုတ်လုပ်ရရှိသော မျိုးစေ့ဖြစ်ရပါမည်။
ယင်းနောက် "သီးနှံစေ့"ဆိုသည်ကလည်း
မူလထုတ်လုပ်စဉ်ကပင် စားသုံးရန် ရည်ရွယ်ထားသောသီးနှံစေ့ ဖြစ်၍ စိုက်ပျိုးလိုသူ အတွက်
မူလဗီဇအရည် အသွေး ကျဆင်းနေပါမည်။ အထွက်နှုန်းသည်လည်း လျော့နည်းလာမည်။
ထို့ပြင် ထွက်ကုန် အရည်အသွေးသည်လည်း ပြည့်မီမည်မဟုတ်။
တောင်သူများအတွက် စိုက်ပျိုးရန် ထုတ်လုပ်သည့် မျိုးစေ့နှင့်စားသုံးရန်ထုတ်လုပ်သည့်
သီးနှံစေ့ကို ကွဲပြားကြရန်လိုသည်။
မိမိတို့ စိုက်ပျိုးကြမည့် စပ်မျိုးစပါးများအတွက်
"အလေ့အကျင့်ကောင်းများ" ဟူသော ပြုစုစောင့်ရှောက် နည်းသည် မလွဲမသွေမုချလိုအပ်ပါသည်။
ဤသည်မှာ သိပ္ပံနည်းကျစပါး စိုက်ပျိုးခြင်းဆိုင်ရာ အလေ့အကျင့် ကောင်းများဖြစ်သည်။
စပ်မျိုးစပါး စိုက်ပျိုးကြရာ၌ "အလေ့အကျင့်ကောင်းများ"
ဟူသော စကားကို အလေးဂရုမထားဘဲ စပ်မျိုးစပါး စိုက်သာ စိုက်ပျိုးပြီး ပြုစုစောင့်ရှောက်မှု
အလေ့အကျင့်ကောင်းများကို လုပ်ဆောင်ခြင်းမပြုပါက စပ်မျိုး၏ အကျိုးကိုခံစားနိုင်ခြင်း
မရရှိသည့်အပြင် အကျိုးမဲ့များကိုသာ ခါးသီးစွာခံစားကြရန်ရှိပါသည်။
မည်သို့ရှိစေ မိမိတို့စပ်မျိုးစပါး၏ တစ်ဧကပျမ်းမျှ
အထွက်နှုန်း တင်း ၇၀၊ ၈၀ သည် စားသုံးသူများ ဖူလုံရေး အတွက် စိုးရိမ်ဖွယ်မဟုတ်သော်လည်း
လာမည့်နှစ် ၃၀ ခန့်တွင် လူဦးရေသန်း ၁၀၀ အတွက်မူ မရနိုင်မှာ သေချာနေ ပါသည်။ ပြောင်းလဲလာသော
ရာသီဥတုနှင့် ရှားပါးလာနေသော ရေသယံ ဇာတများကြောင့် လူနေဒေသမြို့ပြ တိုးချဲ့လာရမှုများ အပါအဝင်
မြေဧကတိုးချဲ့ရေး၊ သီးထပ်သီးညှပ်တို့ဖြင့် ပွားများရေးတို့သည် မရေရာ မသေချာနိုင်သော
အခြေအနေဖြစ်ရာ သီးနှံအထွက်နှုန်း ခုန်ပျံကျော်လွှားနိုင်မည့် စပ်မျိုး မိဘလိုင်း
A.B.R နှင့် F1 အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ (Good Quality Seed) ဖြစ်ရန် အရေးတကြီး
မရှိမဖြစ်၊ မသုံးမဖြစ် သုံးဖို့လိုအပ်ပါမည်။
နိုင်ငံတော်က စပ်မျိုးစပါးစိုက်ပျိုးခြင်းကို
တစ်ဖက်မှ တွန်းအားပေး အလေ့အကျင့်ကောင်းများ နည်းပြ၊ လုပ်ပြ၊ နမူနာပြနေ သည့်နည်းတူ အခြားသော
အထွက်ကောင်း ဒေသမျိုးများစိုက်ပျိုးလိုမှုကို မျက်ကွယ်ပြုသည် မဟုတ်၊ ဝန်ကြီးဌာန အနေဖြင့်
နိုင်ငံတစ်ဝန်း မျိုးကောင်းမျိုးသန့် လိုအပ်ချက်ဖြည့်ဆည်း ပေးနိုင်ရန် ဒေသရေမြေနှင့်
ကိုက်ညီသော မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးအတွက် အထူးဇုန်များထူထောင်ကြရန် နှိုးဆော်လျက်
ရှိပါသည်။ အထွက်နှုန်းတိုးရန် လိုရင်းဖြစ်သည်။
သို့ဖြစ်ရာ စပ်မျိုးစပါး (Hybrid Rice) စိုက်ပျိုးရေးကို
၁၉၉၇ ခုနှစ်ကပင် စတင်အစပျိုးခဲ့သဖြင့် ထိုက်သင့်သော အတွေ့အကြုံကောင်းများ ရရှိကြပြီဟု
ယူဆရပါသည်။ ရာကျော်စပါး အစပျိုးစဉ်က မကြားဖူး သော အရေအတွက်ကြောင့် မယုံသင်္ကာစကား "တင်းတစ်ရာတော့မဖြစ်နိုင်၊
နို့ဆီဘူးတစ်ရာသာဖြစ်မယ်" ဟူ အငေါ်တူးစကားနှင့် ရင်ဆိုင်ခဲ့ရဖူးသည်ကို အမှတ်ရစေချင်ပါသည်။
ထို့ကြောင့် စပ်မျိုး၏ အကြောင်းခြင်းရာကို
ဂဃနဏထဲထဲဝင်ဝင် လေ့လာပါဟု တောင်သူတို့ကို ပြောချင် ပါသည်။ သို့ဖြင့် နိုင်ငံတော်၏ ဦးဆောင်မှုကို
ယုံကြည်စိတ်ချစွာဖြင့် လိုက်နာဆောင်ရွက်သင့်ပါသည်။ ယင်းသို့သော စပ်မျိုးစပါးများ၏ ဖြစ်ထွန်းအောင်မြင်မှု
ရလဒ်ကောင်းဟူသည်မှာ သိပ္ပံနည်းကျ စပါးစိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများကို
လိုက်နာမှုအတိုင်း အတာနှင့် အညီအမျှ အကျိုးခံစားရမှာဖြစ်သည်။ ယင်းသို့သော အလေ့အကျင့်
ကောင်းကို မိမိ၏အတွေ့အကြုံ၊ ပင်ကိုဉာဏ်ရည်နှင့်ယှဉ်ကာ စိန်ခေါ်မှုများ ဖြေလျှော့နိုင်ရေး
နောင်ရိုးနှလုံးဖြင့် မဆုတ်မနစ် ကြိုးပမ်းကြစေချင်ပါသည်။

No comments:
Post a Comment