Monday, September 15, 2014

ကိုယ့်အားကိုယ်ကိုး နွေရာသီသောက်သုံး ရေလှောင်ကန် တည်ဆောက်

နောင်တရား စက်တင်ဘာ ၁၄
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့နယ်ခွဲ နောင်ပီအုပ်စု ထီရီးကရင်ရွာတွင် နွေရာသီ သောက်သုံးရေ ရှားပါးမှုကို ကာကွယ်နိုင်ရန်အတွက် ကျေးရွာမှ ကိုယ့်အားကိုယ်ကိုး သောက်သုံးရေလှောင်ကန် တည်ဆောက်ခြင်း လုပ်ငန်းကို စက်တင်ဘာ ၁၀ ရက်က ဆောင်ရွက်ခဲ့သည်။


ရေလှောင်ကန် တည်ဆောက်ရာတွင် ပါဝင်သော ဒေသခံတစ်ဦးက "အရင်တုန်းက ကျွန်တော်တို့ရွာတွေ နွေရာသီ ဆို ရေရှားလွန်းလို့ ရွာရေတွင်းမှ တစ်အိမ်ကို နှစ်ထမ်း၊ တချို့ရွာတွေဆို တစ်ထမ်းလောက်ပဲ ရပါတယ်၊ အခုလို ရေလှောင် ကန် ဆောက်လိုက်တော့ နည်းနည်း အဆင်ပြေလာတယ်ပေါ့၊ ဒါပေမယ့် ကိုယ့်အားကိုယ် ကိုး မြေဖို့ပြီးရေလှောင် ကန် လုပ်ထား တာဆိုတော့ မိုးတွေ တအားကြီးရင် မြေပြိုမှာ စိုးရိမ်ရပြီး အုတ်ရေကန်ကြီးတွေ
ဒါမှမဟုတ် အုတ်ရေလှောင်ကန်တွေ ဖြစ်ဖို့လိုအပ် နေပါသေးတယ်၊ အဓိကကတော့ ငွေအား၊ စက်အား လိုပါတယ်။
ကျွန်တော်တို့ ရွာတွေမှာလည်း ရေလှောင်ကန်အတွက် အလှူခံနေပေမယ့် မလုံလောက်သေးပါဘူး၊ နိုင်ငံတော်က ကူညီမယ်ဆိုရင် ကျွန်တော်တို့ ရွာသားတွေဘက်က လုပ်အားကတော့ အပြည့်အဝပေးနိုင် ပါတယ်" ဟု ပြောကြားခဲ့သည်။
အဆိုပါ ရေလှောင်ခြင်းလုပ်ငန်းကို ထီရီးကရင်ရွာ ဘုန်းတော်ကြီးကျောင်းမှ အရှင်နန္ဒဝံသက ဦးဆောင်ကာ ဆောင်ရွက် နေပြီး ယခုအခါ ၎င်းရေလှောင်ကန်မှ ထီရီးကရင်ရွာအပါအဝင် ကျေးရွာ ၁၀ ရွာနှင့် ဘုန်းကြီး ကျောင်း သုံးကျောင်းသို့ ရေပေးဝေနိုင်ပြီး နောက်ထပ်ရေရှားပါးသည့် ကျေးရွာများသို့လည်း ရေပေးဝေနိုင် ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment