Thursday, September 4, 2014

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လှည့်လည်ကြည့်ရှု


စစ်တွေ စက်တင်ဘာ(၃)
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒေါက်တာ သန်းအောင်၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ INGO အဖွဲ့များ၊ တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ စစ်တွေမြို့သို့ ရောက်ရှိပြီး ဆတ်ရိုးကျချောင်း သောင်တူးဖော်မှုနှင့် ကမ်းပါးထိန်း လုပ်ငန်းများ တူးဖော်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။




ထို့နောက် ရှင်းလင်းဆောင်၌ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်တို့က သောင် တူးဖော်နေမှုနှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အ ခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် စစ်တွေမြို့လယ်ချောင်း တူးဖော်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးရာ ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်နိုင်တို့က မြို့လယ်ချောင်း ရေစီးရေလာ ကောင်းမွန်ရေး၊ ကုလားတန်မြစ်ဆုံချောင်းဝ သာယာလှပရေး အတွက် အပိုင်းလိုက် လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ ပြီးစီးမှုနှင့် အနာဂတ်လုပ်ငန်း အစီအစဉ်များကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလားတန် မြစ်ကြောင်း ဘက်စုံ သုံးစီမံကိန်း နယ်မြေသို့ရောက်ရှိရာ စီမံကိန်း ရှင်းလင်းဆောင်၌ ဒုတိယဝန်ကြီး ဦးဇင်ယော်က မြန်မာ- အိန္ဒိယနှစ်နိုင်ငံ ကုန်စည်များ အပြန်အလှန် ကူးသန်း ရောင်းဝယ်နိုင်ရေး အတွက် ကုလားတန် မြစ်ကြောင်း ဘက်စုံ သုံးစီမံကိန်း လုပ်ငန်းများ ဖြစ်သည့် ဆိပ်ကမ်းများ ဆောက်လုပ်မှု၊ ဆိပ်ခံတံတားများ တည်ဆောက်နေမှု၊ ရေလမ်းကြောင်းများ ပြုပြင်နေမှုတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အိန္ဒိယနိုင်ငံ ESSAR ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက် ရှိသည့် စစ်တွေ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတား တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးရာ စီမံကိန်း တာဝန်ခံ Mr. Anil Vishwkarma က လုပ်ငန်း ဆောင်ရွက်နေမှုနှင့် လိုအပ်ချက် များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်း မှာကြား ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလားတန်မြစ် ရေစီးဆင်းမှု၊ မြစ်ကမ်းပါးများ တိုက်စားမှု မရှိအောင် မြေထိန်းနံရံများ တည်ဆောက် ထားရှိမှုများကို လှည့်လည် ကြည့်ရှုပြီး View Point မှ ပင်လယ် ကမ်းခြေ၏ သာယာလှပမှုကို ကြည့်ရှု၍ လုပ်ငန်းဆိုင်ရာ လိုအပ်သည်များကို တာဝန် ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတူ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်လင်းဒွေး၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ပြည်နယ် ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရခိုင်ပြည်နယ်၏ လူမှု စီးပွားဘ၀များ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချက်ချင်း ဆောင်ရွက် ပေးနိုင်သည့် လုပ်ငန်းများ ရှိသကဲ့သို့ ဦးစားပေး အစီအစဉ်များနှင့် ဆောင်ရွက် ပေးရသည့် လုပ်ငန်းများလည်း ရှိပါကြောင်း။
ဒေသတစ်ခု ဖွံ့ဖြိုး တိုးတက်ရေးသည် လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အခြေခံ အဆောက်အအုံများ ပြည့်စုံမှသာ ဖွံ့ဖြိုးမှုနှုန်း မြန်ဆန်မည် ဖြစ်ပါကြောင်း။
ထို့အတူ ရခိုင်ပြည်နယ်သည်လည်း အခြေခံ အဆောက်အအုံများ မပြည့်စုံသည့် အပြင် အသွင်မတူသည့် လူမျိုးစုနှစ်စု အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် အတွက် အစစအရာရာ ဖွံ့ဖြိုးမှု နောက်ကျနေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ ဆင်းရဲမှုနှုန်းသည် ၂၀၀၅ ခုနှစ်တွင် (၃၈)ရာခိုင်နှုန်းမှ ၂၀၁၀ ခုနှစ်တွင် (၄၃) ရာခိုင်နှုန်း အထိ မြင့်တက် လာသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမှုကို ၂၀၀၅ ခုနှစ်၏ ရာခိုင်နှုန်း တစ်ဝက် ဖြစ်သည့် (၁၉) ရာခိုင်နှုန်းအထိ လျော့ကျသွားရန် ရည်မှန်းချက်ထား ကြိုးစား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ဆင်းရဲမှု လျှော့ချရေးသည် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်လည်း ဖြစ်ပါကြောင်း။
ယခုအခါ ရခိုင်ပြည်နယ်သည် တည်ငြိမ် အေးချမ်းမှုများ ရရှိလာနေပြီ ဖြစ်၍ ရရှိပြီးဖြစ်သည့် လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့ကို ဆက်လက် ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်မှ အခြေခံ အဆောက်အအုံများကို တည်ဆောက်ပေးလျက် ရှိပါကြောင်း၊ ထို့အတူ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့ပြင် ရခိုင်ပြည်နယ်သည် နိုင်ငံတကာနှင့် ဆက်သွယ် သွားလာ ဝင်ထွက်နိုင်သည့် ပင်လယ်ကမ်းခြေ၊ ကြွယ်ဝသည့် သဘာဝ သယံဇာတများ၊ ခရီးသွား လုပ်ငန်းအတွက် တန်ဖိုးရှိသည့် သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ၊ ဈေးကွက်ကြီးမားသည့် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်စပ်မှု ရှိနေခြင်းစသည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံ ကောင်းများကို ပိုင်ဆိုင်ထားပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်သည် စီးပွားရေး ရင်းနှီးမြှုပ်နှံရန် အတွက် အလွန် သင့်လျော်သည့် ဒေသတစ်ခု ဖြစ်ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် အခြေခံ အဆောက်အအုံများနှင့် လူ့စွမ်းအား အရင်းအမြစ်များသည် အရေးကြီးသကဲ့သို့ ဒေသလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးသည်လည်း အလွန် အရေးကြီးပါကြောင်း၊ ထို့အတူ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ဖြစ်သည့် ပုဏ္ဏားကျွန်း စက်မှုဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ စစ်တွေတွင် တည်ဆောက်မည့် အထည်ချုပ်စက်ရုံများ၊ ကမ်းခြေ တစ်လျှောက် တည်ဆောက်မည့် ဟိုတယ်လုပ်ငန်းများနှင့် အဆင့်မီ ရေလုပ်ငန်းများ၊ မြောက်ဦးနှင့် ကျောက်တော်တွင် တိုးချဲ့လုပ်ကိုင်မည့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင် နိုင်ရန်အတွက်လည်း အခြေခံ အဆောက်အအုံများ၊ လူ့စွမ်းအား အရင်းအမြစ်၊ ဒေသလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့ လိုအပ်ပါကြောင်း။
ထို့ကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အစိုးရက စီမံချက်၊ စီမံကိန်းများဖြင့် ဆောင်ရွက် သွားမည် ဖြစ်၍ ရခိုင်ပြည်နယ် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူများ ဖြစ်ကြသည့် ဦးစံလှ၊ ဦးစံသိန်း၊ ဦးသန်းထွန်း၊ ဒေါ်ညိုအေးနှင့် ပါမောက္ခချုပ် ဒေါက်တာ မောင်ထွန်းတို့က ပြည်နယ်၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် တည်ငြိမ် အေးချမ်းရေး ကဏ္ဍတို့နှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြကြသည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဒေသခံပြည်သူများ၏ တင်ပြချက်များကို မှတ်တမ်း တင်ထားရှိပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ချက်ချင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို မြန်မြန်ဆန်ဆန် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အစိုးရ အဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တင်ပြချက်များ အပေါ် တစ်ခုချင်းစီအလိုက် အသေးစိတ် ပြန်လည် ရှင်းလင်း ပြောကြားပြီး နိုင်ငံတော် အစိုးရသည် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဓိကအားဖြင့် အခြေခံကျသည့် ပြည်သူ ဗဟိုပြုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကလည်း အဆိုပါ အခွင့်အရေးကို အမိအရ အသုံးချပြီး မိမိတို့ဘ၀၊ မိမိတို့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် အထူး လိုအပ်ပါကြောင်းဖြင့် နိဂုံးချုပ်စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲ အပြီးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် တက်ရောက် လာကြသည့် မြို့မိမြို့ဖ များနှင့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့ လျှပ်စစ် ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်လျက် ရှိသည့် စီမံကိန်း လုပ်ငန်း အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးမင်းသူက ပုဏ္ဏားကျွန်း စက်မှုဇုန် တည်ဆောက်ရန် လုပ်ငန်း လျာထားမှု အခြေအနေ၊ ခမီကြိမ်ချောင်းဆည်မှ ရေပေးဝေမည့် လုပ်ငန်းဆိုင်ရာ အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်က ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက လိုအပ်သည်များကို ဖြည့်ဆည်း မှာကြား ဆောင်ရွက်ပေးပြီး ဓာတ်အားခွဲရုံ အတွင်းနှင့် ပုဏ္ဏားကျွန်း စက်မှုဇုန် တည်ဆောက်မည့် နေရာများအား လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ နှစ်ဖက်လူ့အဖွဲ့ အစည်းများ၏ ကယ်ဆယ်ရေး စခန်းများဖြစ်သည့် သက္ကေပြင် ကယ်ဆယ်ရေးစခန်း၊ ခေါင်းဒုက္ကာ ကယ်ဆယ်ရေး စခန်းနှင့် စက်ရုံစု ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ဒေသခံပြည်သူများအား ပညာရေးအတွက် ဆောင်ရွက် ထားရှိမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေမှု အခြေအနေများအား လှည့်လည် ကြည့်ရှု၍ ကယ်ဆယ်ရေး စခန်းများရှိ နှစ်ဖက် လူ့အဖွဲ့အစည်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး နိုင်ငံတော်မှ ဆောင်ရွက်ပေး နိုင်မည့် အခြေအနေများကို ချပြဆွေးနွေးကာ ၎င်းတို့၏ တင်ပြချက်များ အပေါ် ပြန်လည် ဆွေးနွေး ရှင်းလင်းပြော ကြားခဲ့သည်။

ထို့အတူ ဒုတိယသမ္မတနှင့် လိုက်ပါလာကြသည့် တူရကီ သံအမတ်ကြီး၊ ဘရူနိုင်းသံအမတ်ကြီး၊ ဘင်္ဂလားဒေ့သံရုံးမှ သံရုံးယာယီတာဝန်ခံ၊ UNOCHA နှင့် UNICEF ကိုယ်စားလှယ်တို့က ၎င်းတို့၏ အမြင်များနှင့် ပါဝင် ဆောင်ရွက် ပေးနေမှုများကို ရှင်းလင်း ဆွေးနွေးကြသည်။

No comments:

Post a Comment