ဘာလင် စက်တင်ဘာ ၃
ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ရောက်ရှိနေသော
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဂျာမနီနိုင်ငံ
ဝန်ကြီးချုပ်ရုံး၌ ကျင်းပသည့် ဂျာမနီနိုင်ငံ ၀န်ကြီးချုပ် မစ္စစ် အိန်ဂျယ်လာမာကယ် က
ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်သည်။
နိုင်ငံတော် သမ္မတသည် ဂုဏ်ပြုကြိုဆိုပွဲ
ကျင်းပသည့် ဂျာမနီနိုင်ငံ ၀န်ကြီးချုပ်ရုံးသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ ဂျာမနီနိုင်ငံ
ဝန်ကြီးချုပ်က ခင်မင် ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏
အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့သည်
ဂျာမနီနိုင်ငံ ၀န်ကြီးချုပ်က တည်ခင်း ဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဂျာမနီနိုင်ငံ
ဝန်ကြီးချုပ် မစ္စစ် အိန်ဂျယ်လာ မာကယ်တို့သည် နှစ်နိုင်ငံ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ
တစ်ရပ် ကျင်းပပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို
ဖြေကြားခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲ၌ ဂျာမနီ နိုင်ငံဝန်ကြီးချုပ်က
ပြောကြားရာတွင် နိုင်ငံတော်သမ္မတကြီး၏ ခရီးစဉ်ကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းဖြစ်ပေါ်
တိုးတက်မှုများကို ဆွေးနွေးခဲ့ကြပါကြောင်း၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မှု
များကိုလည်း အသိ ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ
ဆောင်ရွက် နေသည်ကို ထောက်ခံပါကြောင်း၊ ရန်ကုန်မြို့တွင် Gpethe Institute (နိုင်ငံတကာ
အသိအမှတ်ပြု ဂျာမန် ဘာသာစကားနှင့် ယဉ်ကျေးမှု အခြေပြုကျောင်း) ကို ဖွင့်လှစ်ပြီး နှစ်နိုင်ငံအကြား
ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးများ ပြုလုပ်နေပြီ ဖြစ်ပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး
တိုးတက်စေရန် အကူအညီများ ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်
ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါကြောင်း၊ တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေး
ရရှိအောင် ဆောင်ရွက် နေမှုများကိုလည်း ထောက်ခံပါကြောင်း၊ တိုးတက်သော ပြောင်းလဲမှုဖြစ်စဉ်၊
လွတ်လပ်မှုတို့ကို တိတိကျကျ ဖြစ်ပေါ်လာရေး အားပေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့်
ပူးပေါင်း ဆောင်ရွက်ခွင့် ရသည့်အတွက် ဝမ်းသာပါကြောင်း၊ မိမိတို့ ဆက်ဆံရေး ဆက်လက် တိုးတက်လာမည်ဟု
မျှော်လင့်ပါကြောင်း၊ ဂျာမနီနိုင်ငံသို့ လာရောက် လည်ပတ်သည့် အတွက် ကျေးဇူးတင်ပါကြောင်းဖြင့်
ပြောကြားခဲ့သည်။
ထို့နောက် သတင်းထောက်များ၏ မေးမြန်းချက်များနှင့်
ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အကြောင်းအရာ ကဏ္ဍများစွာကို ဆွေးနွေးခဲ့ကြောင်း၊
အခြေခံဥပဒေ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်နိုင်ရေး၊ အခွန်အကောက် စနစ်များ
ပြင်ဆင်ရေး၊ နိုင်ငံတကာ သဘောတူ စာချုပ်များတွင် မြန်မာနိုင်ငံ ပါဝင်ရေးတို့ကို တိုက်တွန်းခဲ့ကြောင်းဖြင့်
ပြန်လည်ဖြေကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ပြောကြားရာတွင် ဂျာမနီအစိုးရ၏ ဖိတ်ကြားချက်အရ နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသမ္မတ
တစ်ဦးအနေဖြင့် လာရောက်သော ခရီးစဉ် ဖြစ်ပါကြောင်း။
မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် ၁၉
ရာစုနှစ်ကပင် ချစ်ကြည်ရင်းနှီးစွာ စတင်ခဲ့ကြသော နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်ပါကြောင်း။
၂၀ ရာစု အစောပိုင်း ကာလတွင်လည်း Siemans
ကုမ္ပဏီကဲ့သို့သော ဂျာမန်ကုမ္ပဏီများ ရန်ကုန်မြို့တွင် ရှိခဲ့ပါကြောင်း၊ ဂျာမန် ကုန်သည်ကြီးများ
အသင်းနှင့် ဂျာမန် ကလပ်များပင် ရန်ကုန်၌ ရှိခဲ့ပါကြောင်း။
မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို အသစ်တစ်ခု
ပြန်လည် တည်ဆောက်ရန် မဟုတ်ဘဲ ယခင်ရှိပြီးသား ဆက်ဆံရေးကို အသစ်တစ်ဖန် ပြန်လည် အားကောင်း
ရှင်သန်လာအောင် ပြုလုပ်ပေးရန်သာ လိုအပ်ပါကြောင်း။
ထို့ကြောင့် မိမိ၏ခရီးစဉ်သည် နှစ်နိုင်ငံရှိပြီး
ဖြစ်သော ချစ်ကြည် ရင်းနှီးမှုကို တိုးမြှင့်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ဂျာမနီကို မိတ်ကောင်း
ဆွေကောင်း အဖြစ် သာမက စီးပွားမိတ်ဖက် အဖြစ် လည်းကောင်း၊ နိုင်ငံအတွင်း အဓိက ရင်းနှီးမြှုပ်နှံသူအဖြစ်
လည်းကောင်း ကမ်းလှမ်းလိုပါကြောင်း။
မိမိတို့အနေဖြင့် ဂျာမနီနိုင်ငံထံမှ ဖက်ဒရယ်
ပြည်ထောင်စု အစိုးရစနစ်၊ မြို့ပြ ဖွံ့ဖြိုး တိုးတက်မှုပုံစံ၊ စီးပွားရေး လုပ်ငန်းများ၊
သုတေသန လုပ်ငန်းများအပေါ် အားထုတ်မှုများ၊ အဆင့်မြင့် လူသုံးကုန် ပစ္စည်း ထုတ်လုပ်မှုများ၊
အစဉ်အလာ ကောင်းသော ပညာရေးစနစ်၊ စည်းကမ်းရှိမှုနှင့် အလုပ်ကြိုးစားမှု အပေါ်တွင် နမူနာယူရမည်
ဖြစ်ပါကြောင်း။
ယခုအခါ မိမိတို့နိုင်ငံတွင် စက်မှုလုပ်ငန်းများ
အတွက် ပြည်ပရင်းနှီးမှုများ ဝင်ရောက်ရန် ပြင်ဆင်နေချိန် ဖြစ်ပြီး ခရီးသွား လုပ်ငန်းများ
များပြားစွာ ဖွံ့ဖြိုးတိုးတက် ရင်းနှီးမြှုပ်နှံ လာကြချိန်လည်း ဖြစ်ပါကြောင်း။
ယခုလိုအချိန်တွင် ရင်းနှီးမြှုပ်နှံမှု
ကဏ္ဍမှာ ဂျာမနီနိုင်ငံက ပါဝင်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း။
မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံး ရင်းနှီး
မြှုပ်နှံမှုများမှာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး ကျွမ်းကျင်မှုနှင့် နည်းပညာများကို
ယူဆောင်လာမည့် ရင်းနှီး မြှုပ်နှံမှုများ ဖြစ်ပါကြောင်း၊ ဂျာမနီ အနေဖြင့် ဤကဏ္ဍများတွင်
တိုးတက်မှုရရှိစေရန် မြန်မာ ကုမ္ပဏီများနှင့် အတူတကွ ပူးပေါင်း လုပ်ဆောင် စေလိုပါကြောင်း၊
အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရေးကို ပူးပေါင်း
ဆောင်ရွက် စေလိုပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် အလုပ်အကိုင် အခွင့်အလမ်းများ
ဖန်တီးပေးရမည် ဖြစ်ပါကြောင်း၊ မကျွမ်းကျင်သေးသော အလုပ်သမားများ၊ ကျွမ်းကျင်မှု အလယ်အလတ်
ရှိသည့် အလုပ်သမားများ၊ မြန်မာနိုင်ငံ၏ မြို့ကြီးများကို ပြောင်းရွှေ့လာကြမည့် များစွာသော
အလုပ်အကိုင် ရှာဖွေသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရမည်ကို ဆိုလိုခြင်း
ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ အနေဖြင့် ဂျာမနီ၏ ရင်းနှီးမြှုပ်နှံမှုများကို
သဘာဝ အရင်းအမြစ်များ ထုတ်ယူသော ကဏ္ဍများတွင်သာ မဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်းများကို
အများအပြား ဖန်တီးပေးနိုင်မည့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် ဦးစားပေး ရင်းနှီး မြှုပ်နှံစေလိုပါကြောင်း၊
မိမိတို့၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး အောင်မြင်မှုများသည် မှန်ကန်သော
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် နိုင်စွမ်းရှိမှု အပေါ်တွင်လည်း မူတည်နေပါကြောင်း။
မိမိတို့သည် ဂျာမန် ကုမ္ပဏီကြီးများဆီက
လေ့လာရန် လိုအပ်ပါကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံ၏ ပညာရေး စနစ်တစ်ခုလုံးကို
ပြန်လည် ပြုပြင်ရန် ကြိုးစားလျက် ရှိပါကြောင်း။
သို့သော် ယခု လောလောဆယ် အရေးတကြီးအနေဖြင့်
လိုအပ်သည်မှာ ပညာရှင်များနှင့် ကျွမ်းကျင် လုပ်သားများအတွက် လုပ်ငန်းခွင် ဝင်ရောက်နိုင်ရန်
အရည်အချင်း ပြည့်မီစေမည့် ကာလတိုမွမ်းမံ သင်တန်းများနှင့် ကာလရှည် သင်တန်းများ ဖြစ်ပါကြောင်း။
ဂျာမနီနိုင်ငံအနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်
ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲစ နိုင်ငံတစ်နိုင်ငံအနေဖြင့်
သုံးနှစ်တာ ကာလအတွင်း အောင်မြင်မှုများ ရှိသလို အခက်အခဲ၊ စိန်ခေါ်မှုများလည်း ကြုံတွေ့ရပါကြောင်း၊
သို့သော်လည်း မိမိတို့ဖြေရှင်း ဆောင်ရွက်နိုင်ပါကြောင်း။
မိမိတို့၏ ပြုပြင်ပြောင်းလဲမှုသည် အာရပ်နွေဦးနှင့်
တစ်ချိန်တည်း စတင်ခဲ့သော်လည်း သွေးထွက် သံယိုမှုများ၊ နိုင်ငံပြိုကွဲ ပျက်စီးမှုများ
မရှိခဲ့သည်ကို အားလုံး သိရှိကြပါကြောင်း။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုအပေါ်
အားပေး ထောက်ခံမှုများနှင့်အတူ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဘက်ဘက်မှ ကူညီ
အားပေးနေကြသော ဂျာမနီအစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းဖြင့်
ပြောကြားခဲ့သည်။




No comments:
Post a Comment