ရန်ကုန်
စက်တင်ဘာ ၃
မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များ
အသင်းက ကြီးမှူး၍ အာဆီယံ- တရုတ် (၆) ကြိမ်မြောက် လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ
ဖိုရမ် ၂၀၁၄ (The 6th ASEAN- China Young Entrepreneurs Forum 2014) ကိုစက်တင်ဘာ ၂၂
နှင့် ၂၃ ရက်တို့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်များ
အသင်းဥက္ကဋ္ဌ ဦးဝေဖြိုးကပြောကြားသည်။
အဆိုပါ ဖိုရမ်ကို အာဆီယံနိုင်ငံများ အချင်းချင်းအပြင်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ လူငယ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသူများ အကြား
ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန် လာစေရန်၊ စီးပွားရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်စေရန်၊
စီးပွားရေး အခွင့်အလမ်း ကောင်းများကို မျှဝေနိုင်စေရန်နှင့် အတူတကွလက်တွဲ ဖော်ဆောင်
နိုင်စေရန်အတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ဖိုရမ်၏ အနာဂတ် စွန့်ဦးတီထွင်
မြင်ကွင်းကျယ်များ ဟူသည့် ဆောင်ပုဒ်နှင့်အညီ စွန့်ဦးတီထွင် လုပ်ငန်းများ ပူးပေါင်း
ဆောင်ရွက်ရာတွင် တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားလာသော မတူညီသည့် ရှုထောင့်များကို
အတူတကွလက်တွဲ ဆောင်ရွက်နိုင်ရန် အတွက်လည်း ကျင်းပခြင်း ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌက ပြောကြားသည်။
ဖိုရမ်၌ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ
ကိစ္စများကို ဦးစားပေး ဆွေးနွေးရန် ရည်ရွယ်ထားသည့် အပြင် စွန့်ဦးတီထွင် လုပ်ငန်းများ၏
အရေးပါသော အခန်းကဏ္ဍများ၊ ဘဏ္ဍာရေးဆိုင်ရာ စံသတ်မှတ်ချက်များ၊ စွန့်ဦး တီထွင် လုပ်ငန်းဆိုင်ရာ
စီးပွားရေး အခြေခံစနစ်များ မှန်ကန်စွာ တည်ဆောက်နိုင်ရေး၊ ကမ္ဘာ့စီးပွားရေးစနစ်ကို အာဆီယံ
အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး
စသည်တို့ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment