စစ်တွေ-စက်တင်ဘာ(၄)
စစ်တွေမြို့၌ရောက်ရှိနေသော ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး
နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာ စိုင်းမောက်ခမ်းသည် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒေါက်တာသန်းအောင်၊ ဒုတိယဝန်ကြီးများ၊
သံအမတ်ကြီးများ၊ INGO အဖွဲ့များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ
အရေးပေါ် ပေါင်းစပ်ရေးစင်တာ (နဃဃ) ရုံးသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်
အတွင်းရောက်ရှိနေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း (၂၃)ဖွဲ့မှတာဝန်ရှိသူများနှင့်
တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးမောင်မောင်အုန်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်လင်းဒွေး၊
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရေးလုပ်ငန်းကော်မတီဝင်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အရေးပေါ်ပေါင်းစပ်ရေးကော်မတီဖွဲ့စည်းထားရှိမှု၊
ကော်မတီအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာမှုရှိရှိ
ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက
ယခုလို အချိန်ကာလကြာမြင့်စွာ လာရောက် လုပ်ကိုင်လျက်ရှိသည့် ကုလသမဂ္ဂအေဂျင်စီများနှင့်
နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအားလုံးကို အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း။
ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ
(၂)နှစ်ကျော်ကြာခဲ့ပြီဖြစ်ကြောင်း၊ ကနဦးက သာမန်ပြစ်မှု တစ်ခုသာဖြစ်ခဲ့ပြီး နောက်ပိုင်းတွင်
လူ့အသိုက်အဝန်းနှစ်ခုအကြား ဖြစ်ပွားသည့် ပဋိပက္ခအသွင်သို့ရောက်ရှိ ခဲ့ပါကြောင်း၊ ပဋိပက္ခဖြစ်ပွားစဉ်ကတည်းက
တန်းဖိုးကြီးမားလှသည့် ပိုင်ဆိုင်မှုများအပါဝင် နေအိမ် အဆောက်အအုံအများအပြား ဖျက်ဆီးခံခဲ့ရပြီး
ရလဒ်အနေဖြင့် လူရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါကြောင်း။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့၏
အကူအညီများ၊ နိုင်ငံတော်အစိုးရ၏ မလျော့သော ကြိုးပမ်းအားထုတ်မှုများကြောင့် ယခုဆိုလျှင်
ရွှေ့ပြောင်းလာသူများအား ယာယီခိုလုံ ရန်နေရာများ၌ ဘေးကင်း လုံခြုံစွာရှိနေပြီဖြစ်ပါကြောင်း၊
ထို့ပြင် တစ်နည်းနည်းဖြင့် လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု အာမခံချက်ပေးနိုင်သည့်
မူလနေရာများနှင့်အနီးစပ်ဆုံးသို့ ၎င်းတို့၏ ဆန္ဒ သဘောထားများအလျောက် ရွှေ့ပြောင်းပေးရမည်ဖြစ်ပါကြောင်း၊
သို့မှသာ အသက်မွေးဝမ်းကျောင်းနှင့် လူမှုစီးပွားကိစ္စရပ်များ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ် ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိပြီး
ဖွံ့ဖြိုးတိုးတက်စေရန် ဖွံ့ဖြိုးတိုး တက်မှုအကူအညီ များကိုလည်း ထည့်သွင်းရမည်ဖြစ်ပါကြောင်း၊
အစိုးရအနေဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသားဖြစ်မှုစိစစ်ခြင်း၊
အမြဲတမ်းနေရာချထား ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုတို့ပါဝင်သည့်
လုပ်ငန်းစီမံချက်မူကြမ်းကို ရေးဆွဲခဲ့ပါကြောင်း။
အစိုးရအနေဖြင့် အေးချမ်းတည်ငြိမ်မှုရှိပြီး
လူ့အသိုက်အဝန်းနှစ်ခုစလုံးမှ တစ်ခုတည်းသော နည်းလမ်း အပေါ် လက်ခံလာမည့်အကောင်းဆုံးအချိန်ကို
စောင့်ဆိုင်းလျက်ရှိပါကြောင်း၊ တစ်ချိန်တည်းတွင် မြေပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက
နိုင်ငံသားဖြစ်မှု စိစစ်ခြင်းလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည်
ပြန်လည်နေရာချထားရေးစီမံချက်တစ်ခုလုံးအတွက် ကနဦး ခြေလှမ်းတစ်ရပ်ဖြစ်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။
ရခိုင်ပြည်နယ်အတွင်း နေအိမ်၊ ကျောင်း၊
ဆေးရုံ၊ ဈေး၊ ငါးဖမ်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း စသည်တို့အပါဝင် အခြေခံအဆောက်အအုံများကို
တည်ဆောက်သွားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာအသိုက်အဝန်းများ၊
ဖွံ့ဖြိုးတိုးတက် မှုမိတ်ဖက်များအနေဖြင့် လာမည့် လများ၌ ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ
ပံ့ပိုးသွားရန်စီမံချက် များကို ဆောင်ရွက်သွားရန် အထူးတိုက်တွန်းလို ပါကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊
လိုက်လျောညီထွေရေးနှင့် ငြိမ်းချမ်းကြွယ်ဝစည်ပင်သည့် ရခိုင်ပြည်နယ် တည်ထောင်နိုင်ရေးအတွက်
အဆုံးစွန်ထိ ရည်မှန်းချက်ထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တူရကီသံအမတ်ကြီး၊ ဘရူနိုင်းသံအမတ်ကြီး၊
ဘင်္ဂလားဒေ့သံရုံးမှ ကိုယ်စားလှယ်၊ UNOCHA နှင့် UNICEF ကိုယ်စားလှယ်တို့က နိုင်ငံတော်အစိုးရအနေဖြင့်
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်လုပ်ငန်းစီမံချက်များဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်နယ်အတွင်း အမှန်တကယ်လိုအပ်လျက်ရှိသော အခြေခံအဆောက်အအုံများ၊
ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများအပေါ် ၎င်းတို့၏ သဘောထားအမြင်များ၊
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ အနေဖြင့်လည်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများအပြင်
ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့အစည်းများနှင့်အတူ
ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေမှု၊ ထိုသို့ပူးပေါင်း ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့်
အခက်အခဲများနှင့် စိန်ခေါ်မှုများအတွက် နိုင်ငံတော်အစိုးရမှ လိုအပ်သည့် အကူအညီများကို
ဖြည့်ဆည်းပေးရန်တို့ကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊
ဒေါက်တာသန်းအောင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မြောက်ဦးမြို့သို့ရောက်ရှိပြီး
သမိုင်းဝင်ဘုရားများဖြစ်သည့် သျှစ်သောင်းဘုရား၊ ထုက္ကန်သိမ်ဘုရားနှင့် စန္ဒာမုနိဘုရားတို့အား
လည်းကောင်း၊ ကျောက်တော်မြို့ရှိ သမိုင်းဝင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား လည်းကောင်း
သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့သည်။
ဒုတိယသမ္မတသည် မြောက်ဦးမြို့သို့ရောက်ရှိစဉ်
မြို့မဈေးကြီးသို့သွားရောက်ပြီး ဈေး၌ဆိုင်ခန်း ဖွင့်လှစ် ရောင်းချလျက်ရှိသော ဈေးသူဈေးသားများနှင့်
ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရောင်းဝယ်မှု အခြေအနေများအားမေးမြန်းကာ
နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် မြောက်ဦးဟိုတယ်သို့ရောက်ရှိရာ
ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက မြောက်ဦးမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှု
နယ်မြေအတွင်း သာယာ လှပရေးနှင့် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးမှုနှင့်
နှစ်အလိုက်ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်လင်းတင်ပြပြီး
ပြည်နယ်ဝန်ကြီးချုပ်က မြောက်ဦးဟိုတယ်ဇုန် စီမံကိန်း တည်ဆောက်ရေး ဆိုင်ရာအချက်အလက်များကို
ဆက်လက်ရှင်းလင်းတင်ပြရာ လုပ်ငန်းဆိုင်ရာ လိုအပ်သည်များကို ဖြည့်ဆည်း မှာကြားဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည်
မင်းပြားမြို့ရှိ စမ္ဘာလေကယ်ဆယ်ရေးစခန်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံက
ဆောက်လုပ်လှူဒါန်းသည့် အခြေခံပညာမူလတန်းကျောင်း ဆောင်၌ စခန်းအတွင်းနေထိုင်သူများနှင့်
ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက
ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ၁၉၈၂ခုနှစ်
မြန်မာနိုင်ငံသားဥပဒေနှင့်အညီ လိုက်နာဆောင်ရွက် သွားနိုင်ရေးတို့အား အသေးစိတ်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သံအမတ်ကြီးများ၊ ကုလသမဂ္ဂနှင့်
အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များက နိုင်ငံတော်အစိုးရနှင့်
ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို
ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် မြေပုံမြို့ ကန်သာထွက်ဝ ကယ်ဆယ်ရေးစခန်းသို့
ရောက်ရှိပြီး စခန်းအတွင်းနေထိုင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားပြီး
ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် တောင်ပေါ်ကယ်ဆယ်ရေးစခန်းသို့သွားရောက်၍
စခန်းယာယီ စာသင်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလေးများအား တွေ့ဆုံအားပေးစကား
ပြောကြားပြီး ပညာသင်ကြားရေးဆိုင်ရာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း
ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် တောင်ပေါ် ကယ်ဆယ်ရေးစခန်းအတွင်းနှင့်
ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး စခန်းအတွင်း နေထိုင်သူများနှင့် တွေ့ဆုံကာ ပညာရေး၊
ကျန်းမာရေးဆိုင်ရာကိစ္စများ၊ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် အညီ ဆောင်ရွက်နေမှုများအပေါ်
တွေ့ရှိရသည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားပြီးနောက် ဆန်အိတ်များကို
ထောက်ပံ့ပေးအပ်ခဲ့ သည်။
ထို့နောက် စခန်းအတွင်းနေထိုင်သူများအား
မြေပုံမြို့နယ်နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ
နိုင်ငံသားပြုနိုင်ခွင့်ရရှိရေး ဆိုင်ရာလုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတနှင့်လိုက်ပါလာသည့် သံတမန်များကလည်း
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက် ပေးနေမှု အခြေအနေများကို မျက်မြင်လေ့လာကြည့်ရှုပြီး
သိရှိလိုသည်များအား မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြသည်။
No comments:
Post a Comment