အောက်တိုဘာလ အတွင်း၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှယူ-၁၉ ပြိုင်ပွဲ အတွက် အဓိကပြင်ဆင် နေသည့် မြန်မာယူ-၁၉ အသင်းသည် ယင်း ပြိုင်ပွဲမတိုင်မီ နောက်ဆုံးပြိုင်ပွဲအဖြစ် အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ဝင်ရောကယှဉ်ပြိုင်မည်ဖြစ်သည်။ အာဆီယံယူ - ၁၉ ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့တွင် စက်တင်ဘာ ၅ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာယူ-၁၉ အသင်းသည် ဧပြီလကတည်းက လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး
ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များ၊ ခြေစမ်းပွဲများ၊ နိုင်ငံတကာ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့ သည့် ပြိုင်ပွဲမှာ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ ဖြစ်ပြီး ယင်းပြိုင်ပွဲ တွင် မြန်မာယူ-၁၉ အသင်း ချန်ပီယံဆု ရယူနိုင်ခဲ့သည်။ မြန်မာယူ-၁၉အသင်းသည် အာဆီယံ ယူ-၁၉ ပြိုင်ပွဲ မတိုင်မီ ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲကစားကာ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီးပြိုင်ပွဲဝင်ရန် စက်တင် ဘာ ၃ ရက် ယနေ့တွင် ဗီယက်နမ်သို့ ထွက်ခွာမည်ဖြစ်သည်။ မြန်မာယူ-၁၉ အသင်းသည် ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲအပြီး တွင် ဩဂုတ် ၂၈ ရက် တစ်ရက်တည်းသာ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး ဩဂုတ် ၃၁ ရက်၌ ဖူးခက်တွင် ထိုင်း ယူ-၂၃ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ခြေစွမ်းမပြနိုင်ဘဲ ရှုံးနိမ့်ခဲ့သည်။ ကစားသမားများ ပွဲပန်းနေခြင်း၊ ခရီး ပန်းနေခြင်းတို့အပြင် ထိုင်းယူ-၂၃ အသင်းမှာ (၁၇)ကြိမ်မြောက် အာရှ ကစားပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် အသင်းဖြစ်သောကြောင့် ရှစ်ဂိုး-တစ် ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
အာဆီယံယူ-၁၉ ပြိုင်ပွဲကို အသင်းခြောက်သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က)တွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ အုပ်စု(ခ) တွင် ဗီယက်နမ်၊ ဂျပန်၊ ဩစတြေးလျတို့ ပါဝင်လျက်ရှိသည်။ ဂျပန်အသင်းသည် အာဆီယံ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားမှုအရ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၅ ရက်မှ ၉ ရက်အထိ၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာ ၁၁ ရက် နှင့် တတိယ နေရာလုပွဲနှင့် ဗိုလ်လုပွဲကို စက်တင်ဘာ ၁၃ ရက်တွင်ကျင်းပသွားမည်ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုပွဲစဉ်များအဖြစ် စက်တင်ဘာ ၇ ရက်တွင် ထိုင်းအသင်း၊ စက်တင်ဘာ ၉ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
No comments:
Post a Comment