Thursday, September 11, 2014

ချင်းပြည်နယ်အစိုးရအဖွဲ့ ၂၀၁၄ ခုနှစ်၊ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဟားခါး၌ကျင်းပ


ဟားခါး စက်တင်ဘာ ၁၀
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၄ ခုနှစ်၊ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်း၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်းက အမှာစကားပြောကြားရာ၌ မိမိတို့အစိုးရ၏ ကျန်ရှိသည့် ကာလအတွင်း ကျေးလက်နေဒေသခံ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀ အရှိန်မြှင့်တင်နိုင်ရေးအတွက် ဒေသ၏အမှန် လိုအပ်ချက်များကို သက်ဆိုင်ရာ မြို့နယ်ကော်မတီသုံးရပ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများက ညှိနှိုင်းဆောင်ရွက်ပြီး တင်ပြပေးမှသာ လိုအပ်ချက်အမှန်ကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်ကြရာ၌ နိုင်ငံတော်၏ ဘဏ္ဍာငွေလေလွင့် ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ခွဲဝေသုံးစွဲကြရန် လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပူးပေါင်းပြီး ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးကြရမည် ဖြစ်ကြောင်း၊ အောက်ခြေ၌ ပူးပေါင်းဆောင်ရွက်မှုအား ကောင်းပါမှ အခြေအနေ အဖြစ်အပျက်အမှန်များ သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကိစ္စရပ်များတွင် ကိန်းကဏန်း၊ အချက်အလက် မှန်ကန်မှုရှိရေး အလေးထားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းတိုင်းတွင် တိကျမှန်ကန်မှုရှိရေး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် အကျယ်တ၀င့် လမ်းညွှန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ဟားခါးခရိုင်နှင့် ဖလမ်းခရိုင်အတွင်းရှိခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက မိမိတို့မြို့နယ် အတွင်း ဒေသခံတိုင်းရင်းသား ပြည်သူများ၏လူမှုစီးပွားဘ၀ မြှင့်တင်ရေးဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်ဆည်းလမ်းညွှန် မှာကြားခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့အထိ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment