နေပြည်တော်၊ စက်တင်ဘာ ၃
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး
ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင်
နေပြည်တော်ရှိ၊ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပသော (၅) ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ နျူကလီးယားလုပ်ငန်းနှင့်
လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေးကွန်ရက် (Asia-Pacific Safeguards
Network-APSN) နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် နျူကလီးယားစွမ်းအင်သည်
စီးပွားရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် အခြားလူနေမှုဘဝ တိုးတက်ရေးအတွက်များစွာ အကျိုးပြုနိုင်သကဲ့သို့
လွဲမှားစွာ အသုံးပြုပါက လူသားတစ်ရပ်လုံးအား ပျက်စီးစေနိုင်သည့် နည်းပညာတစ်ခုဖြစ်ပါကြောင်း၊
နိုင်ငံအသီးသီးသည် နျူကလီးယားလက်နက် မပြန့်ပွားရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံမှုရှိစေရေးတို့ကို
အထူးဂရုပြုရန်လိုအပ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုရှိစေရေးအတွက်
နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေး နည်းစနစ်များအား၊
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီမှဦးဆောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဆီယံဒေသသည်
နျူကလီးယားစွမ်းအင်အသုံးပြုမှု တိုးတက်နေသည့်အတွက် နျူကလီးယားလက်နက် မပြန့်ပွားရေး၊
ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံမှုရှိစေရေးတို့အား အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ
နျူကလီးယား နည်းပညာအသုံးချမှု တိုးတက်လာစေရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နျူကလီးယား
နည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးနည်းတူ နျူကလီးယားလက်နက် မပြန့်ပွားရေးအတွက်
နိုင်ငံတကာ လက်ခံကျင့်သုံးနေသော တာဝန်ဝတ္တရားများကို ပိုမိုလက်ခံ ကျင့်သုံးနိုင်အောင်
ဆောင်ရွက်လျက် ရှိပါကြောင်း၊ နျူကလီးယား ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေသည့်နည်းတူ နျူကလီးယား လုံခြုံရေးကဏ္ဍတွင်လည်း
ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နျူကလီးယား ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့်
ထိန်းချုပ် စောင့်ကြပ်ရေးသည် ကမ္ဘာတစ်ဝှမ်း အလွန်အရေးပါသောလုပ်ငန်း တစ်ရပ်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီတို့အကြား ချုပ်ဆိုသော
နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေး သဘောတူညီချက်၏ နောက်ဆက်တွဲစာချုပ်ကို
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးပြီးဖြစ်ပါကြောင်း၊ အာရှ-ပစိဖိတ်ဒေသ နျူကလီးယားလုပ်ငန်းနှင့်
လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြည့်ရေး ကွန်ရက်သည် နောက်ဆက်တွဲ စာချုပ်ချုပ်ဆိုပြီးသည့်
နိုင်ငံများအတွက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ပြီး
နိုင်ငံများ၏ အတွေ့အကြုံများကို မျှဝေပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ အစည်းအဝေးမှ
ရရှိသော အတွေ့အကြုံများသည် မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံ အားလုံး
အတွက် ပိုမိုအကျိုးရှိစွာ အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတွင် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များမှ
နျူကလီးယားလုပ်ငန်းနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေး အမျိုးသားအဆင့်လုပ်ငန်းနှင့်
စပ်လျဉ်းသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာပြန့်ပွားရေး၊ အရည်အသွေးမြှင့်တင်ရေး၊
သတင်းအချက်အလက်နည်းပညာပံ့ပိုးရေး၊ နျူကလီးယားလုပ်ငန်းများနှင့် လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေးဆိုင်ရာ
နည်းဥပဒေများဖွံ့ဖြိုးရေးနှင့် နျူကလီးယားလုံခြုံရေးစသည် တို့ကို ကဏ္ဍအလိုက်ဆွေးနွေးကြပြီး
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ အဖွဲ့ဝင် နိုင်ငံများ နျူကလီးယားလုပ်ငန်းနှင့်
လုပ်ဆောင်မှုများ ထိန်းချုပ်စောင့်ကြပ်ရေး သဘောတူညီချက် ၏ နောက်ဆက်တွဲစာချုပ်ကို အကောင်အထည်ဖော်ရာတွင်
လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာများ ဖွံ့ဖြိုးလာစေရေးအတွက် အတွေ့အကြုံများဖလှယ်ရေး၊
ကူညီပံ့ပိုးပေးရေး တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့်
နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အာရှ-ပစိဖိတ်ဒေသနျူကလီးယားလုပ်ငန်းနှင့်
လုပ်ဆောင်မှုများ ထိန်းချုပ် စောင့်ကြပ်ရေးကွန်ရက်အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံမှ ကိုယ်စားလှယ်များနှင့်
လေ့လာသူအဖြစ် (၂) နိုင်ငံမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီမှ
ကိုယ်စားလှယ် များ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment