Thursday, September 4, 2014

မြန်မာနိုင်ငံအမျိုးသားအားကစားကော်မတီ ဥပဒေ (မူကြမ်း) ရေးဆွဲရေး စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော်၊ စက်တင်ဘာလ (၄)ရက်
မြန်မာ့အားကစား အဆင့်အတန်း ရေရှည် အဓွန့်ရှည် တည်တံ့အောင် မြင်နိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီ ဥပဒေ(မူကြမ်း) ရေးဆွဲရေး စတုထ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက နေပြည်တော် ၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း အတွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥပဒေ (မူကြမ်း) ရေးဆွဲရေးအဖွဲ့  ဥက္ကဌ ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဝင်များ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊ ပညာရေးဝန်ကြီးဌာနများမှ တာဝန်ရှိ ကိုယ်စားလှယ်များ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တာဝန်ရှိ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ်ဥက္ကဌ ဗိုလ်ချုပ်နေလင်း ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ ဥက္ကဌ ၊ အတွင်းရေးမှူးများ၊ အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီ ဥပဒေ(မူကြမ်း)ကို ကဏ္ဍ အသီးသီးအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ရေးဆွဲခဲ့ပါကြောင်း၊ စက်တင်ဘာလကုန်တွင် ဥပဒေခုံရုံးသို့ လည်းကောင်း၊ အောက်တိုဘာလတွင် အစိုးရအဖွဲ့ရုံးသို့ တင်ပြနိုင်ရေးအတွက် တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များမှ ပြီးပြည့်စုံသော ဥပဒေ (မူကြမ်း) များအား အကြံပြုဆွေးနွေးပါရန် အလေးအနက် တိုက်တွန်း လိုပါကြောင်း၊ အမျိုးသားအားကစား ကော်မတီသည် နိုင်ငံတော် အစိုးရ၏ အားကစားတာဝန်ကို ကိုယ်စားပြု၍ ထမ်းဆောင် နေခြင်းဖြစ်သော ကြောင့် အမျိုးသားရေး တာဝန်အဖြစ် ခံယူသွားကြပါရန်နှင့် မြန်မာနိုင်ငံအမျိုးသား အားကစား ကော်မတီ၏ အောက်တွင် ဖွဲ့စည်းထားရှိသော ကော်မတီများ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို အသေးစိတ် ဆွေးနွေးရန် မှာကြားပါသည်။

ဆက်လက်၍ အတွင်းရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဥပဒေ(မူကြမ်း) ရေးဆွဲရေးနှင့် ပတ်သက်၍ အခန်း(၁)အမည်နှင့် အဓိပ္ပါယ် ဖော်ပြချက်တွင် ပါဝင်သောကော်မတီ၏ အဓိပ္ပါယ်ဖွင့်ဆိုပြင်ဆင်ချက်များ ကိုလည်းကောင်း၊ အခန်း(၂) ရည်ရွယ်ချက်များတွင် ပါဝင်သော အဓိပ္ပါယ် ဖွင့်ဆိုပြင်ဆင်ချက်များ ကိုလည်ကောင်း၊ အခန်း(၃) ကော်မတီဖွဲ့စည်းခြင်းတွင် ပါဝင်သော အဓိပ္ပါယ် ဖွင့်ဆိုပြင်ဆင်ချက်များ ကိုလည်းကောင်း၊အခန်း(၄) ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ တွင် ပါဝင်သော ပြင်ဆင်ချက်များ ကိုလည်းကောင်း၊ အခန်း(၅) မြန်မာနိုင်ငံ အိုလံပစ် ကော်မတီတွင် ပါဝင်သော လုပ်ငန်းများ ပြင်ဆင်ထားရှိမှုများ ကိုလည်းကောင်း၊ အခန်း(၆) မြန်မာနိုင်ငံ အားကစားဖွံ့ဖြိုးတိုး တက်ရေး ကော်မတီ၏ လုပ်ငန်းတာဝန် ပြင်ဆင်ချက်များ ကိုလည်းကောင်း၊ အခန်း(၇) ဝန်ကြီးဌာန၌ ပါဝင်သော လုပ်ငန်းတာဝန် ပြင်ဆင်ချက်များ ကိုလည်းကောင်း၊ အခန်း(၈) အားကစားအဖွဲ့ချုပ်များ၏ လုပ်ငန်းတာဝန် ပြင်ဆင်ချက်များ ကိုလည်းကောင်း၊ အခန်း(၉) တပ်မတော် အားကစား ကော်မတီ အားကစားနှင့်ပညာ ရေးပေါင်းစပ်မှု ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဖြည့်စွက်ချက် ပြင်ဆင်ချက်များ ကိုလည်းကောင်း၊ အခန်း(၁၀) အပြန်လှန် ဆက်သွယ်ခြင်း၊ အဓိပ္ပါယ် ဖွင့်ဆိုချက် များကိုလည်းကောင်း၊ အခန်း(၁၁) ကော်မတီရန်ပုံငွေ ကဏ္ဍများ ကိုလည်းကောင်း၊ အခန်း(၁၂) စာရင်း စစ်ဆေးခြင်း အဓိပ္ပါယ်ဖွင့်ဆိုပြင်ဆင် ချက်များကိုလည်းကောင်း၊ အခန်း(၁၃) အထွေထွေ အကြောင်းအရာများကိုလည်း ဖတ်ကြား တင်ပြခြင်းအပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ် အသီးသီးမှ အကြံပြုဆွေးနွေး တင်ပြကြရာ  မြန်မာနိုင်ငံ အမျိုးသား အားကစားကော်မတီ ဥပဒေ(မူကြမ်း) ရေးဆွဲရေး အဖွဲ့ဥက္ကဌမှ လိုအပ်သည်များကို ဖြည့်စွက်ပြင်ဆင် အတည်ပြုဆုံးဖြတ်ပေးခဲ့ ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment