Monday, September 1, 2014

စွမ်းအင်မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာ ၁ ရက်
အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ(NEMC)သည် ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) ၏ အစီအစဉ်အရ The Overseas Human Resource Development Association (HIDA) နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏



စွမ်းအင်မူဝါဒရေးဆွဲရေး လုပ်ငန်းများတွင် အထောက်အကူ ရရှိစေရေး အတွက် စွမ်းအင်မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်း၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်၊ Grand Amara Hotel ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော် တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ၎င်းအခမ်း အနားသို့ အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှု ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ အတွင်းရေးမှူး ဦးကြည်သာ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) မှ Commissioner ဖြစ်သူ Mr. Takayuki Ueda နှင့် ကိုယ်စားလှယ်များ၊ The Overseas Human Resource Development Association (HIDA) မှ ကိုယ်စားလှယ်များနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့် ဂျပန်နိုင်ငံမှ သင်တန်းဆရာများ တက်ရောက် ခဲ့ကြပါသည်။
ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်းကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ မှ ၅ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၄၅ ဦး တက်ရောက်ကြမည် ဖြစ်ကြောင်း နှင့် အလုပ်ရုံဆွေးနွေးပွဲ၏ ကျန်အပိုင်း (၅) ပိုင်းကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်မှ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလအထိ အပိုင်းလိုက်ခွဲလျက် ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment