Friday, September 5, 2014

(၄၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ဆက်လက်ဆောင် ရွက်ရန်ကိစ္စရပ်များ ညှိနှိုင်း





နေပြည်တော် စက်တင်ဘာ ၅
(၄၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ ကျင်းပရာ တွင် တွေ့ကြုံခဲ့ရသော အားသာချက်၊ အားနည်းချက်နှင့် ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် (၄၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကျင်းပရေး ဦးဆောင်ကော်မတီဥက္ကဌ၊အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာကံဇော်မှ အဖွင့်အမှာ စကားပြောကြားရာတွင် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးဆောင် ကော်မတီအနေဖြင့် လုပ်ငန်းအဖွဲ့(၁၃)ဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းစီမံချက် ရေးဆွဲပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့၍ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ အစည်းအဝေး ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက် ခဲ့သဖြင့် အောင်မြင်မှုများ ရှိခဲ့သလို အားနည်းချက်များလည်း ကြုံတွေ့ ခဲ့ရပါကြောင်း၊ လုပ်ငန်းအဖွဲ့ အသီးသီးများမှလည်း အဆိုပါ အခက်အခဲများ၊ လိုအပ်ချက် များကို သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့်   ကူညီဖြည့်ဆည်း ပေးခဲ့သည့်အတွက် ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း၊ အစည်းအဝေးတွင် ဆွေးနွေး ခဲ့မှုများအား သမိုင်းမှတ်တမ်းတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ (၄၆)ကြိမ်မြောက် AEM အစည်းအဝေးကျင်းပခဲ့ခြင်းအပေါ် ပြည်သူများ သိရှိစေရန် ဆောင်းပါးများ ရေးသားခြင်း၊ သတင်းစာရှင်းလင်းပွဲများကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်း ဆက်လက်ကျင်းပရန်ရှိသည့် (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပိုမို ကောင်းမွန်စေရန် အတွေ့အကြုံကောင်းများ ရရှိခဲ့ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသော လုပ်ငန်းအဖွဲ့အသီးသီးမှ  အဖွဲ့ခေါင်းဆောင် ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အားသာချက်၊ အားနည်းချက်နှင့် အကြံပြုချက်များကို ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ြဖည့်စွက် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဆက်လက် ကျင်းပမည့် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှေ့ဆက်ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ကြောင်း တိုက်တွန်း ပြောကြားခဲ့ကြောင်းသိရှိရသည်။

No comments:

Post a Comment