Monday, September 1, 2014

နိုင်ငံတော်သမ္မတ ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

၁-၉-၂၀၁၄
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြား နေကျဖြစ်တဲ့အတိုင်း ဩဂုတ်လ အတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။
ယနေ့မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများရဲ့ အခြေအနေများကို လက်တွေ့ကျကျသုံးသပ်မယ် ဆိုရင်မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပြီး ထိုက်သင့် တဲ့နိုင်ငံရေး အရွေ့တစ်ရပ်လည်း ရှိနေတယ် ဆိုတဲ့ အချက်ဟာငြင်းဆို လို့မရနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်နဲ့အတူ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာတစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေကြသူများအနေနဲ့ နိုင်ငံရေးဖြေလျှော့မှုများနဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် များအသက်ဝင်ရှင်သန်ရေးတို့ကို ခိုင်မာတဲ့ သန္နိဋ္ဌာန် ချဆောင်ရွက် နေခြင်းဟာ ပြည်သူ လူထုတစ်ရပ်လုံးအကျိုးခံစားရခြင်းကို အဓိကထား တဲ့ နိုင်ငံရေးစေတနာမှန်သက်သက်ဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်တဲ့နေရာမှာလည်း ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနဲ့ အခက်အခဲ များကို ကျော်လွှားတဲ့ အခါမှာ ရှုမြင်တဲ့ပုံစံများပေါ်မှာ မူတည်ပြီးတော့ ကျွန်တော် တို့ရဲ့ လုပ်ဆောင်မှုများအပေါ် အကောင်း အဆိုးခွဲခြား တွေ့မြင် နေကြရတာဖြစ်ပါတယ်။
ဒီလိုမတူညီတဲ့ရှုမြင်မှုများနဲ့ ရပ်တည်ချက်များ ကိုလည်း ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်း များနဲ့ပတ်သက်ပြီး တာဝန်အရှိဆုံးဖြစ်တဲ့ ကျွန်တော့် အနေနဲ့ နားလည်လက်ခံပြီး ဆက်လက် ဆောင်ရွက် သွားမှာဖြစ် ပါတယ်။ အဓိကကျတဲ့ အချက်တစ်ချက်အနေနဲ့ ပြောကြားလိုတာကတော့ ပြည်သူလူထု ကို နိုင်ငံရေး၊ စီးပွားရေးနဲ့လူမှုရေးအရ ဦးဆောင်မှုများပေးနေ တဲ့ ခေါင်းဆောင် များအနေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် သဘောတူခြင်း၊ မတူခြင်းဆိုတာထက် လက်ဝယ်ရရှိထားတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များရဲ့အရှိန်အဟုန်များ တုံ့နှေးလျော့ကျသွားခြင်းမျိုး မဖြစ်စေဘဲ ဆက်လက် အသက်ဝင်ရှင်သန်ရေးနဲ့ခိုင်မြဲရေးကို တည်ဆောက်ရေးအမြင်နဲ့ ရှုမြင်ဆောင် ရွက်ကြဖို့ တိုက်တွန်း လိုခြင်းပဲဖြစ် ပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများဆိုင်ရာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ဟာ တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် တတိယမူကြမ်းကိုပြုစုနိုင်ခဲ့ပြီး ဆက်လက် ညှိနှိုင်းစရာ အချက်အနည်းငယ်သာ ကျန်တဲ့အထိ တိုးတက်မှုများ ရရှိခဲ့ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲများကိုတက်လှမ်းဖို့ ပြင်ဆင်ဆောင်ရွက်မှုတစ်ခုအနေနဲ့ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီများနဲ့ တွေ့ဆုံဆွေးနွေးမှု ကိုပထမဦးဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ များမကြာမီကာလမှာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို အောင်မြင်စွာချုပ်ဆိုပြီး၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များ ချမှတ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ငြိမ်းချမ်းရေးရဲ့ အခြေခံ အုတ်မြစ်ကို ကျွန်တော်တို့ အစိုးရ လက်ထက်မှာ ချမှတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း အသိပေး တင်ပြလိုပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အခါအခွင့်သင့်တိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင် များနဲ့ တွေ့ဆုံဆွေးနွေးလျက်ရှိပါတယ်။
ဩဂုတ်လအတွင်းမှာ “၀” အထူးဒေသ (၂)၊ မိုင်းလားအထူးဒေသ (၄) နဲ့ SSPP/SSA မှ ကိုယ်စားလှယ် များကို လက်ခံတွေ့ဆုံခဲ့ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာလက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးမှုလုပ်ငန်းစဉ်များထဲမှာ ထိုအဖွဲ့များအနေနဲ့ ပူးပေါင်းပါဝင်လိုတဲ့ ဆန္ဒများ ရှိကြောင်းကို ဆွေးနွေး ဖလှယ်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့တဲ့ မပြေလည်မှုတွေ၊ ပဋိပက္ခတွေကို ညှိနှိုင်းအဖြေရှာ နေရတာဖြစ်တဲ့ အတွက် လိုအပ်တဲ့အချိန်ကာလ တစ်ခုကိုဖြတ်သန်းရမယ်ဆိုတာကို နားလည်လက်ခံပေးကြရ မှာဖြစ်ပါ တယ်။တစ်ဖက်မှာလည်း နိုင်ငံရေးလက်တွေ့ဆန်မှုအရ နိုင်ငံရေးခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင် များ၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများရဲ့ခေါင်းဆောင်များ အပါအဝင် ပြည်သူတစ်ဦးချင်းစီအနေနဲ့ စိတ်ရင်းစေတနာ ကောင်းများကို အားပြုပြီး လက်ရှိအခြေအနေများ ကိုသာမက ကောင်းမွန်တဲ့ အနာဂတ်များ မျှော်မှန်းထားရှိပြီး ရဲရဲဝံ့ဝံ့ ဆက်လက် ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။
ဩဂုတ်လအတွင်းမှာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဒေသတွင်းဖိုရမ်နဲ့ အခြားအရေး ပါတဲ့ ဆက်စပ်အစည်း အဝေးများ ကိုနေပြည်တော်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါတယ်။
လက်ရှိအရေးကြီးတဲ့ ကမ္ဘာ့ရေးရာကိစ္စရပ် များနဲ့ ဒေသတွင်း ဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ ဒီအစည်းအဝေး များဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးတဲ့ ပွဲကြီးတစ်ပွဲကို အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်တယ် လို့လည်း ဆိုရမှာဖြစ်ပါတယ်။
ထို့အတူ ယခုလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ အာဆီယံ စီးပွားရေး ဝန်ကြီးများအစည်းအဝေးများနဲ့ ဆက်စပ်အစည်းအဝေးများကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ နိုင်ငံ၊ အမေရိကန်နဲ့ ရုရှားဖက်ဒရေးရှင်း၊ အီးယူကိုယ်စားလှယ် များလည်း တက်ရောက်ခဲ့ပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေနဲ့ နှစ်ပေါင်းများစွာ အထီးကျန်ခဲ့ ရမှုတွေ ကနေ ရုန်းထွက်နိုင်ဖို့ကြိုးပမ်းနေတဲ့ ကာလမှာ ကျွန်တော် တို့နိုင်ငံအနေနဲ့ ဒီဆွေးနွေးပွဲကြီးကို အောင်အောင်မြင်မြင် လက်ခံကျင်းပ နိုင်ခဲ့တဲ့အတွက် နိုင်ငံ အတွက်အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားရတဲ့နိုင်ငံ အနေနဲ့ထိုက်တန်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုလည်းဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကြီးများ ဖြစ်မြောက်ရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ဝန်ထမ်းများနဲ့ ကျရာကဏ္ဍများမှာ အဆင့်ဆင့် တာဝန်ယူခဲ့ကြတဲ့ပုဂ္ဂိုလ်အသီးသီးကိုလည်း ချီးကျူးဂုဏ်ပြုအပ် ပါတယ်။
ပဲခူးတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံရဲ့ဒေသတချို့မှာ ဩဂုတ်လ အတွင်းကဖြစ်ပွား ခဲ့တဲ့ ရေကြီးရေလျှံမှု ကိစ္စရပ်များဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ ဒီကနေ့ခေတ်ကာလများမှာ ရှောင်လွှဲဖို့ခက်ခဲတဲ့ သဘာဝဘေး အန္တရာယ်တွေရဲ့စိန်ခေါ်မှုတွေကို ယခင်ကာလများကထက် ပိုမိုရင်ဆိုင်လာရပြီး ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အမြဲပြင်ဆင်ထား ရမယ်ဆိုတဲ့ သတိပေးမှုလည်း ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုများ၊ဆိုးကျိုးများကို လျှော့ချနိုင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ရင်ဆိုင်တုံ့ပြန်ခြင်းနဲ့ပြန်လည် ထူထောင်ခြင်း လုပ်ငန်းများကို ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်း များနဲ့ပူးပေါင်း ဆောင်ရွက်ပြီး အစဉ်တိုးတက်ကောင်းမွန်စေဖို့ ကြိုးပမ်းနေပါတယ်။
အခက်အခဲကြုံတွေ့နေရတဲ့ ပြည်သူတွေကို မွန်မြတ်စွာကူညီခဲ့ကြတဲ့ အဖွဲ့အစည်းများနဲ့ ပြည်သူတစ်ဦး တစ်ယောက် ချင်းစီရဲ့ ဆောင်ရွက်မှုများကိုလည်း အထူးဂုဏ်ယူဝမ်းမြောက်မိကြောင်းလည်း ပြောကြားလိုပါတယ်။
အသွင်ကူးပြောင်းရေးဆောင်ရွက်ရတဲ့နိုင်ငံတိုင်းမှာ ကြုံတွေ့ရတဲ့ပြဿနာများထဲ မှာ ကျေးလက်မြို့ပြ မြေယာ စီမံခန့်ခွဲရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အရေးအကြီးဆုံးနဲ့ခက်ခဲတဲ့ကိစ္စတစ်ရပ်ပဲဖြစ်ပါတယ်။
မြို့ပြနဲ့ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် မြေအရင်းအမြစ်များကိုထိရောက်စွာ စီမံခန့်ခွဲ အသုံးပြု နိုင်ရ မှာဖြစ်ပါတယ်။ အိုးမဲ့အိမ်မဲ့များ၊ ကျူးကျော် ကိစ္စရပ်များနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ဥပဒေမဲ့ ကျူးကျော် မှုများကိုအရေးယူဆောင်ရွက်လျက်ရှိသလို အမှန် တကယ် မြေယာမရှိတဲ့ တောင်သူ များ
ကို မြေယာခွဲဝေပေးရေးဟာလည်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက်ကြီးမားတဲ့ အထောက်အပံ့ဖြစ်တယ်လို့ ခံယူပြီးကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

လက်ရှိ ဆောင်ရွက်နေတဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ရန်ကုန်နဲ့ မန္တလေးလို နေရာများမှာသာမကဘဲ မြို့ကြီး များဖြစ်တဲ့ တောင်ကြီး၊ မော်လမြိုင်၊ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနဲ့ စစ်တွေလိုနေရာမျိုးမှာ ပြည်သူလူထု အများစု လက်လှမ်းမီစေနိုင်မယ့် ပြည်သူ့အိမ်ရာစီမံကိန်းတွေကို မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း များနဲ့အညီ အကောင်အထည် ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့အဓိက စီးပွားရေး မြို့တော်ဖြစ်ပြီးလူဦးရေ ငါးသန်းကျော် မှီတင်းနေထိုင်တဲ့ ရန်ကုန်မြို့တော်အပါအဝင် အခြား မြို့ကြီးများအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ စနစ်ကျတဲ့ မြို့ပြစီမံကိန်းလုပ်ငန်းများကို အလေးထား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနဲ့ သဟဇာတရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ် များထိန်းသိမ်းခြင်းတို့ကို ပိုင်ဆိုင်ပြီး အာရှတိုက်ရဲ့ နေချင့်စဖွယ်၊ လာရောက်လည်ပတ် ချင်စဖွယ်အကောင်းဆုံးမြို့ကြီးများထဲက မြို့တစ်မြို့ အဖြစ် ပေါ်ပေါက်လာစေရေးကို ကြိုးပမ်းဆောင်ရွက် သွားကြရမှာလည်း ဖြစ်ပါတယ်။
အာရှတိုက်ရဲ့ အခြားမြို့ကြီးများထက် ရှေးဟောင်း အဆောက် အအုံများ၊ ဗိသုကာလက်ရာများနဲ့ပြည့်စုံတဲ့ ရန်ကုန်မြို့တော်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်း များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ရန်ကုန်မြို့ရဲ့ရှေးဟောင်း ဗိသုကာအဆောက် အအုံများ ထိန်းသိမ်းရေးကို အဓိက ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (YHT) တို့ပူးပေါင်းဆောင်ရွက် နေတာကလည်းကောင်းမွန်တဲ့ စံပြလုပ်ဆောင်မှု လည်းဖြစ်ပါတယ်။ သမိုင်းဝင် အဆောက်အအုံများအတွက် အထိမ်းအမှတ် ကမ္ပည်းပြားတပ်ဆင်ခြင်းလုပ်ငန်းစဉ်များရဲ့ ပထမဆုံး ဆောင်ရွက်မှုအဖြစ် မြို့တော်ခန်းမရဲ့ ကမ္ပည်းပြား တပ်ဆင်ခြင်းကို ဩဂုတ်လအစောပိုင်းက စတင်ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး သမိုင်းဝင်ဗိသုကာနေရာ ၁၀၀ ကျော်အတွက်အထိမ်းအမှတ် ကမ္ပည်းပြားများ တပ်ဆင်ခြင်းကို ၂၀၁၆ ခုနှစ်အမီ စိုက်ထူနိုင်ဖို့ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ဩဂုတ်လနောက်ဆုံးပတ် အတွင်းမှာ ကျွန်တော်တို့အစိုးရ အဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ ပြည်သူ့ ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး နဲ့ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအကြား ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မှု၊ အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်မှု ပိုမိုမြင့်မားစေဖို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လေးလပတ်အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရအောင်၊ ပြည်သူများရဲ့ စီးပွားရေးပြန်လည် ဖွံ့ဖြိုးတိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိတဲ့ အကြောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ

No comments:

Post a Comment