Sunday, August 31, 2014

ဒုတိယဝန်ကြီး ဦးစိုးတင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (၄) မြို့နယ်အတွင်း ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒဂုံဆိပ်ကမ်းမြို့နယ် အထပ်မြင့် အိမ်ရာစီမံကိန်း အတွက် Precast စက်ရုံ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၃၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်သည် ဩဂုတ် (၃၀) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (၄) မြို့နယ်အတွင်း ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေး ကော်မတီလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရာ ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆည်မြောင်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ အုပ်ချုပ်ရေးမှူးများ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများက ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ လိုက်လံရှင်းလင်းတင်ပြကြသည်။

ရှေးဦးစွာ ဒဂုံမြို့သစ် (မြောက်ပိုင်း) (၃၃) ရပ်ကွက်တွင် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူကြီးကြပ် ဆောင်ရွက်သည့် တိုးချောင်ကြီးချောင်း ရေစီးရေလာကောင်းမွန်ရန် ဆောင်ရွက်ပြီးစီးမှု၊ ရပ်ကွက်အတွင်း ရေမကျော်စေရေး တာဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ထူးကဲဒီရေမြင့်တက်ခြင်းကြောင့် ရေများ ဝင်ရောက်ခြင်းအတွက် ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) (၂၇) ရပ်ကွက် ရွှေပင်လုံအိမ်ရာအနီး ဘုရင့်နောင်လမ်း၌ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ရေထုတ်ပြွန် Box Culvert တည်ဆောက်ပြီးစီးမှုနှင့် ဆက်စပ်ရေမြောင်းများ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ရပ်ကွက်အတွင်း ရေဝင်ရောက်မှုမရှိစေရေး မြေဖို့ ကာကွယ်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) (၆၃) ရပ်ကွက်အတွင်းရှိ သိမ်ချောင်း၊ ရေစီးဆင်းမှုကောင်းမွန်စေရေး စက်ယန္တရားဖြင့် တူးဖော်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကြာကြီးချောင်းရေတံခါးအသစ် တပ်ဆင်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ဧရာဝဏ်ရတနာအထပ်မြင့် အိမ်ရာတည်ဆောက်ရေး စီမံကိန်းရှိ High Tech ကုမ္ပဏီမှ စတင် ထုတ်လုပ်လျက်ရှိသည့် Precast Concrete ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး အမျိုးအစား အလိုက် Precast များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဧရာဝဏ်နှင့် ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းသည် Precast, Prestress အစိတ်အပိုင်းများ ပေါင်းစပ် ဆောင်ရွက်သည့် နည်းပညာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပထမဦးဆုံး ဆောင်ရွက် သည့် အထပ်မြင့် တည်ဆောက်ရေး စီမံကိန်းဖြစ်သည်။
အဆောက်အအုံ (၁) လုံးလျှင် Precast အမျိုးအစား (၆) မျိုးပါဝင်၍ အစိတ်အပိုင်းပေါင်း (၄၄၈၄) ခု ထုတ်လုပ်တပ်ဆင် ရမည်ဖြစ်ကြောင်း၊ အဆောက်အအုံ (၄၉) လုံးအတွက် Precast အစိတ်အပိုင်းပေါင်း (၂၁၉၇၁၆) လိုအပ်ကြောင်း၊ Precast ထုတ်လုပ်မည့် ကုမ္ပဏီ (၅) ခုက ထုတ်လုပ်သွားပြီး Precast (၆) မျိုးမှာ Fascade (ပြင်ပနံရံ)၊ Precast Slab (ကြိုတင်အားဖြည့်ကြမ်းခင်းပြား)၊ Infill Wall (အခန်းခြားနံရံ)၊ Staircase  (လှေခါး)၊ Refuse Chute (အမှိုက်ပစ်ပြွန်) တို့ဖြစ်ကြောင်း သိရှိရသည်။

မွန်းလွဲပိုင်းတွင် ဘုရင့်နောင်တံတား အမှတ် (၂) စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်အစိုးရက ဘုရင့်နောင်တံတား အမှတ် (၂) တည်ဆောက်ခြင်းမှာ ပြည်သူများသွားလာမှု အဆင်ပြေစေရေးနှင့် ပြည်သူ တို့၏ လိုအပ်ချက်အား ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တံတားတည်ဆောက်ရေး လုပ်ငန်းများအား အမြန်ဆုံး ပြီးစီးစေလိုကြောင်း၊ တံတားသံပေါင်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလတွင် ရန်ကုန်မြစ်အတွင်း သတ်မှတ်ထားသော ရေလမ်းကြောင်းမှ ရေယာဉ်များ သွားလာစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက် ခဲ့သော်လည်း တွဲသင်္ဘောတစ်စီး စီမံကိန်းလုပ်ငန်းခွင်အနီး နစ်မြှုပ်ခဲ့သည် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ အလားတူဖြစ်စဉ်မျိုး လုံးဝထပ်မံမဖြစ်စေရေး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ချက်များအတိုင်း တိတိကျကျ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တပ်ဆင်ရန် ကျန်ရှိသော တံတားသံပေါင်များ တပ်ဆင်ရေး ဆောင်ရွက်နေသည့် ကာလတွင် တွန်းသင်္ဘောများ/ဆွဲ သင်္ဘောများ၊ အခြားသင်္ဘောကြီးများ လုံးဝဖြတ်သန်း သွားလာခြင်း မရှိစေရေးနှင့် စက်တပ်လှေနှင့် မဖြစ်မနေသွားလာရန် လိုအပ်သည် ရေယာဉ်ငယ်များသာ စနစ်တကျ ကြီးကြပ်ထိန်းသိမ်း၍ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာရေး ကြီးကြပ်ဆောင်ရွက်ရန်၊ တံတားသံပေါင် တပ်ဆင်ခြင်းလုပ်ငန်းခွင်အတွင်း မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများ မရှိစေရေး Safety First အထူးဂရုပြုကြပ်မတ်ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရှိသည်။ 

No comments:

Post a Comment