Tuesday, August 5, 2014

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် NCCT အဖွဲ့တို့၏ အလွတ်သဘောတွေ့ဆုံ ဆွေးနွေး



မြစ်ကြီးနား သြဂုတ် ၎
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင် ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် သြဂုတ် (၃) ရက်နေ့ မွန်းလွဲ (၁) နာရီခွဲတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြရာ လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်တို့ ဦးဆောင်သည့်အဖွဲ့နှင့် NCCT အဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာနှင့် အဖွဲ့ဝင်တို့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် လိုင်ဇာ ညီလာခံမှပေး လိုက်သည့်အချက်များပေါ်မူ တည်၍ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကချင်ပြည်နယ်အတွင်းရှိနိုင်ငံရေးပါတီဝင်များနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦအောင်မင်းက ငြိမ်းချမ်းရေး လုပ်ငန်းများကို အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပွင့်လင်းလာသည့် ခေတ်စနစ်နှင့် အညီပြည်သူကို ဗဟိုပြု၍ ဆောင်ရွက်သည့်အတွက် တိုးတက်မှုများ ရရှိလာပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်း ရေးဆွေနွေးမှုတွင် အပစ်အခတ်ရပ်စဲရေးမှတဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တစ်ဆင့်ခြင်း အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံရေးပါတီများ အနေဖြင့်လည်း ၀ိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ပြည်နယ်အတွင်းရှိ IDP စခန်းများရှိ အိမ်ထောင်စုများကို နေရာပြန်လည်ချထားပေးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပါတီအားလုံးအတွက် နိုင်ငံရေးဆောင်ရွက်နေ ခြင်းဖြစ်သည့်အတွက် ပါတီအားလုံးက ညီညွှတ်စွာ ပူးပေါင်းပါဝင်ကြရန် လိုအပ်သကဲ့ သို့ ငြိမ်းချမ်းရေးကိစ္စရပ်​များနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြံပြုဆွေးနွေးကြစေလို ပါကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်ကြသည့် နိုင်ငံရေးပါတီဝင်များက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ၎င်းတို့၏အမြင် သဘောထားများကို အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ MPC အဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ (၈) ခုတို့မှ ပါတီဥက္ကဌများ၊ ပါတီအတွင်းရေးမှူးများ တက်ရောက်ဆွေးနွေးကြသည်။

No comments:

Post a Comment