Tuesday, August 5, 2014

တရော်ကျင်း-ကပိုင်အလောင်းတော် ကဿပ ဘုရားဖူးလမ်း အဆင့်မြှင့်တင်

ယင်းမာပင်၊ ဩဂုတ် ၎
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စက်ယန္တရားများနှင့် စက်သုံးဆီများပံ့ပိုးကူညီမှုဖြင့် ယင်းမာပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးမြင့်သန်းဦးဆောင်ပြီး မြို့နယ်စက်မှု လယ်ယာဦးစီးဌာန၊ မြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ တရော်ကျင်း-ကပိုင် အလောင်းတော်ကဿပ ဘုရားဖူးလမ်းအား အဆင့်မြှင့်တင် လမ်းချဲ့ခြင်း လုပ်ငန်းများကို ဇွန်လ ပထမအပတ် အတွင်းက စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်မှုကြောင့် လာမည့် ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ ဘုရားဖူး မိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ကားကြီးကားငယ်များဖြင့် အဆင်ပြေမြန်ဆန်စွာ သွားလာမှု လွယ်ကူစေရန် ရည်ရွယ်ပြီး ဖောက်လုပ်ခဲ့ကြောင်း သိရသည်။
ယင်းလမ်းမှာ ယခင်က လမ်းအကျယ်ပေ ၃၀ ရှိပြီး ယခု အဆင့်မြှင့်တင် ချဲ့ထွင်ဖောက်လုပ်မှုတွင် လမ်းအကျယ်ပေ ၅၀ ရှိကြောင်း၊ အန္တရာယ်ဖြစ်စေနိုင်မည့် အကွေ့အကောက် ကုန်းကမူလမ်းများကို အဖြောင့်ထား ဖောက်လုပ်ထား ကြောင်း သိရသည်။
“အခုလမ်းက တရော်ကျင်းကနေ ကပိုင်အထိ လမ်းအရှည် ၂၁ မိုင်ဖောက်လုပ်နေတာပါ။ အခု တရော်ကျင်းမှ မိုးကောင်းကျေးရွာ အကျော်အထိ ခြောက်မိုင်ခန့် ပြီးစီးနေပါပြီ။ ဆက်လက်ပြီး မိုးကောင်း ကျေးရွာအကျော်ကနေ ကပိုင်ကျေးရွာအထိ ကျန်ရှိနေတဲ့ လမ်းပိုင်းကိုလည်း သတ်မှတ်ထားတဲ့ ပွင့်လင်းရာသီအမီ ကြိုးစားဆောင်ရွက် သွားမှာပါ”ဟု ယင်းလမ်းပိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ တရော်ကျင်း-ကပိုင်-အလောင်းတော်ကဿပ ဘုရားဖူးလမ်း အဆင်မြှင့်တင် ဖောက်လုပ်နေမှုများ အား ဩဂုတ် ၂ ရက်မွန်းလွဲပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဗိုလ်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်မင်းဟန်တို့က အနီးကပ်ကြီးကြပ်ကာ လုပ်ငန်များ သတ်မှတ်၍ ပွင့်လင်းရာသီ ပြီးစီးရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခု အဆင့်မြှင့်တင် ဖောက်လုပ်နေမှုများ ပြီးစီးသွားပါက ရာသီမရွေး သွားလာနိုင်အောင် နှစ်စဉ် ဂျင်းကျောက် ခင်းခြင်း၊ ကတ္တရာခင်းခြင်း စသည့်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၏ လမ်းညွှန်ပံ့ပိုးပေးမှုဖြင့် လည်းကောင်း၊ ဒေသခံပြည်သူလူထု၏ ထည့်ဝင်လှူဒါန်းငွေဖြင့် လည်းကောင်း၊ ရပ်ဝေးရပ်နီးမှ စေတနာ ပါရမီရှင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် လည်းကောင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
“အခုလို ဖောက်လုပ်လိုက်တဲ့ အတွက် မြို့နယ်အတွင်းက ဝေးလံတဲ့ ကျေးလက်နေ မိဘပြည်သူများရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများကို တိုက်ရိုက် အကျိုးဖြစ်ထွန်း စေပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စီးပွားရေး စတဲ့လုပ်ငန်းဆိုင်ရာ အရပ်ရပ်တွေကို အချိန်တိုအတွင်း ဆက်သွယ်ပေးမယ့်လမ်း ဖြစ်ပါတယ်”ဟု တာဝန်ရှိသူက ပြောကြားသည်။

No comments:

Post a Comment