Tuesday, August 12, 2014

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူးကျင့်ပြည်နယ် သစ်တောရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr. Chen Ze Sheng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေးသည့် သတင်း


နေပြည်တော်၊ ၁၂-၈-၂၀၁၄

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူးကျင့်ပြည်နယ် သစ်တောရေးရာဌာန (Fujian Provincial Department of Forestry) ညွှန်ကြားရေးမှူးချုပ် Mr. Chen Ze Sheng နှင့် China International Forestry Group - CIFG Managing Director Mr. Li Zhong Shu တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၂-၈-၂၀၁၄ ရက်နေ့၊ နံနက်၁၀:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးသည်။


ဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးအေးမြင့်မောင်နှင့် ဒေါက်တာသက်သက်ဇင်၊ စီမံကိန်း နှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူးဦးခင်မောင်ရီ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး နှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ခဲ့ကြသည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင်ဖူးကျင့်ပြည်နယ်၏ သစ်တောဖုံးလွှမ်းမှု၊ ထိန်း သိမ်းကာကွယ်မှုနှင့် သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ပြည်ပမှ တင်သွင်းသည့် သစ်လုံးကုန်ကြမ်းများဖြင့် တန်ဖိုးမြင့်သစ်အချောထည် ပစ္စည်း များ ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်ပေးခြင်းနှင့် အခွန်လျှော့ ပေါ့ပေးခြင်းများ၊ သစ်တောများ ထိန်းသိမ်းရာတွင် ဒေသခံပြည်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှု ရရှိစေရေးအတွက် နိုင်ငံတော်မှ ရန်ပုံငွေပံ့ပိုးပေးမှု၊  သစ်တောများမှ ဝင်ငွေ ရရှိရန်နှင့် ဒေသခံပြည်သူတို့အတွက် စီးပွားရေးအခွင့်အလမ်းများ ရရှိရန်အတွက်  သစ်တစ်မျိုးတည်းမဟုတ်ဘဲ အခြားသစ်တောထွက်ပစ္စည်းများထုတ်လုပ်ခြင်း၊ သစ်တော နယ်မြေများတွင် ဝါး၊ လက်ဘက်၊ ဘယဆေးပင်များ၊ သစ်သီးဝလံများ စိုက်ပျိုးခြင်း၊ ပျားမွေးမြူခြင်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေ ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ သစ်အခြေခံစက်မှုလုပ်ငန်းများတွင်ပြည်ပမှ ရင်းနှီး မြှုပ်နှံနိုင်မည့်အခွင့်အလမ်းများ၊ သစ်အခြေခံစက်ရုံများအတွက် လိုအပ်သော သစ်ကုန် ကြမ်းများကို ပြည်ပမှတင်သွင်းခြင်းနှင့် သစ်တောစိုက်ခင်းများတည်ထောင်ခြင်းများမှ ဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းများ၊ မြန်မာနိုင်ငံမှ တရားမဝင်သစ်များ နယ်စပ် ဖြတ်ကျော် ကူးသန်းရောင်းဝယ်နေမှုများကို တားဆီးကာကွယ်နိုင်ရေး စီမံဆောင်ရွက် သွားရန်ကိစ္စရပ်များ၊ သစ်တောကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာများ အပြန်အလှန်ဖလှယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူးကျင့်ပြည်နယ် သစ်တောရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Mr. Chen Ze Sheng နှင့် ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်လ ၁၃ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ မြန်မာ့သစ်လုပ်ငန်းပိုင် သစ်အခြေခံစက်ရုံများနှင့် ပြည်ပသို့ သစ်ကုန်ချောများတင်ပို့ရာ ဆိပ်ကမ်းများသို့ သွားရောက်လေ့လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment