Tuesday, August 12, 2014

ဘ၀တွက်တာ အရေးကြီးရာ မိခင်နို့ချို တိုက်ကျွေးပါ ဆောင်ပုဒ်ဖြင့် ၂၀၁၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ



နေပြည်တော်-ဩဂုတ် ၁၂

“ဘ၀တွက်တာ အရေးကြီးရာ မိခင်နို့ချိုတိုက်ကျွေးပါ” ဆောင်ပုဒ်ဖြင့် ၂၀၁၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကများ၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြ သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် များကို မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်းဖြင့် မိခင်နှင့်ကလေးများ အားလုံးအာဟာရဆိုင်ရာ အကျိုးကျေးဇူးများ ရရှိစေရန်၊ သန်ချဆေးနှင့် ဗီတာမင်အေဆေးလုံး တိုက်ကျွေးခြင်း လွှမ်းခြုံမှုဆက်လက်ကောင်းမွန်နေ စေရန်၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးသူငယ်များ အာဟာရပြည့်ဝမျှတစွာ စားသုံးသည့်ဓလေ့ထွန်းကား ပြန့်ပွား တည်တံ့လာစေရန်နှင့် အရည်အသွေးပြည့်မီသည့် အိုင်အိုဒင်းဆားစားသုံးမှုအခြေအနေ အာဟာရ ပညာပေးလုပ်ငန်းများ ပြည်သူလူထုအတွင်းသို့ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေပြီး ပြည်သူများ ကိုယ်တိုင်လိုက်နာ ကျင့်သုံးတတ်စေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ၌ ၁၂ ကြိမ်မြောက်ကျင်းပခဲ့ပြီး ကမ္ဘာတွင် ၂၃ ကြိမ်မြောက်အဖြစ် ကျင်းပလျက်ရှိပါကြောင်း။

“အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ” လှုပ်ရှားမှုအဖြစ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တ ပတ်ကို ပထမအပတ်၌လည်းကောင်း၊ ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ကို ဒုတိယအပတ်၌ လည်းကောင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ်ကို တတိယအပတ်၌လည်းကောင်း၊ အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်ကို စတုတ္ထအပတ်၌လည်းကောင်း နှစ်စဉ် ဩဂုတ်လ၌ လုပ်ငန်းဆောင်ပုဒ်တစ်ခု ရွေးချယ်ပြီး ကျင်းပလေ့ရှိပါကြောင်း။

ဩဂုတ်လ တစ်လလုံး အာဟာရဖွံဖြိုးရေးလုပ်ငန်းများကို နေရာဒေသတိုင်း လွှမ်းခြုံမှုအထူးမြင့်မား စေရန်အတွက် လူထုလှုပ်ရှားမှုများအသွင်ဖြင့် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများအပြင် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ၊ အစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများက တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။
အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းဖြင့် မြန်မာပြည်သူများအတွက် အကျိုးကျေးဇူးများစွာရှိသည်ကို ကျန်းမာရေးဝန်ထမ်းများ သိရုံနှင့်မလုံလောက်ပါကြောင်း၊ ပြည်သူအားလုံး အထူးသဖြင့် မိခင်၊ ဖခင်၊ မိခင်လောင်းများနှင့် အမျိုးသမီးအားလုံးကသိရှိပြီး မိမိတို့၏ရင်သွေးများကို စနစ်တကျ နို့ချိုတိုက်ကျွေးကြရန်နှင့် အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်ကြရန် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးစည်းရုံးသွား ကြရန်လည်းလိုပါကြောင်း။

တစ်နှစ်တာတွင် ယခုလ တစ်လတည်းယခုလို တက်တက်ကြွကြွလှုပ်ရှားကြပြီး ပွဲပြီးမီးသေဖြစ် မသွားကြရန်နှင့် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ်လှုပ်ရှားဆောင်ရွက်သွားကြရန်ကိုလည်း ထပ်လောင်းမှာ ကြားလိုပါကြောင်း။

ရင်သွေးငယ်များ အာဟာရချို့တဲ့မှုကြောင့် အသက်မဆုံးရှုံးရေးနှင့်အာဟာရ ပြည့်ဝရေးတို့အပြင် ရင်သွေးငယ်၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို မြှင့်တင်ပေးနိုင်သည့် စရိတ်ကျဉ်းသော မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်း၊ ကလေးငယ်များကို စနစ်တကျအစာကျွေးခြင်းတို့သည် အနာဂတ်မြန်မာနိုင်ငံအတွက် ကျန်းမာကြံ့ခိုင်သော ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်သည့် သားသမီးကောင်းရတနာများ ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးသည့် ဦးစားပေးလုပ်ငန်း တစ်ရပ်လည်းဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်နှင့် တက်ရောက်လာကြသူများက အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖွံ့ဖြိုးရေး လှုပ်ရှားမှုဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုကြသည်။


ထို့အတူ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အာဟာရထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို လယ်ဝေးမြို့နယ် ဗောဓိကုန်းကျေးရွာ အမှတ်(၂၃) အခြေခံပညာမူလတန်းကျောင်း၌ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မြမြက အမှာစကားပြောကြားပြီး အတွင်းရေးမှူး ပါမောက္ခဒေါက်တာခင်မေအုန်းက ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၊ ကျောင်းသား ကျောင်းသူများအား အိုင်အိုဒင်းဆား၊ အာဟာရနှင့်ဆေးဝါး၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment