Sunday, August 3, 2014

Ebola ရောဂါ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်မှု မရှိစေရေးကျန်းမာရေးဝန်ကြီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲသည် အဓိကကူးစက်မြန်ရောဂါများ၊ ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သော ရောဂါများ၊ အသစ်ဖြစ်ပေါ်လာသော ကူးစက်မြန်ရောဂါ များ၊
တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ၊ စောင့်ကြပ်ကြည့်ရှုရသော ရောဂါ ၁၇ မျိုး၊ ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲ ပြဿနာများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ဖြစ်ပွားတတ်သောကူး စက်ရောဂါများ၊ ရာသီဥတု ပြောင်းလဲပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများအား စောင့်ကြပ်ကြည့်ရှုခြင်း၊ စောစီးစွာတုံ့ပြန်ဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ် ရေးနှင့် ရောဂါနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကူးစက်ရောဂါများကင်းစင်ပပျောက်ရေး၊ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လျော့နည်းစေရေးနှင့် ကင်းစင် ပပျောက်မှု၊ လျော့နည်းလာမှုအခြေအနေများကို ဆက်လက်ထိန်းသိမ်းစေရေး၊ ကူးစက်ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ၊ နောက်ဆက်တွဲပြဿနာများဖြစ်သော စီးပွားရေးနှင့်လူမှုရေးဆုံးရှုံးမှုများ လျော့နည်းစေရေး၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ များနှင့် အသစ်ဖြစ်ပေါ်လာသော ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်ပွားလာပါက ထိန်းချုပ်နိုင်ရန်၊ ကူးစက်ရောဂါများ ကပ်ရောဂါအသွင်ဖြစ်ပွား မှုကို ကာကွယ်ရန်နှင့်စောစီးစွာသိရှိ၍ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက် ထားရှိ ဆောင်ရွက်လျက်ရှိပါသည်။
အသစ်ဖြစ်ပေါ်လာသော ကူးစက်ရောဂါများနှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများအား ကာကွယ်နှိမ်နင်း ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရှေ့တောင်အာရှဒေသနိုင်ငံများ အပါအဝင်ကမ္ဘာ့နိုင်ငံများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂလက်အောက် ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူလူထုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၀၃ ခုနှစ်က ကမ္ဘာ့နိုင်ငံများတွင် ကူးစက် ဖြစ်ပွားခဲ့သော ဆားစ်ကူးစက်မြန်ပြင်းထန်အဆုတ်ရောင်ရောဂါကို မြန်မာ နိုင်ငံသို့ ကူးစက်ဝင်ရောက်မှုမရှိအောင်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၀၉ခုနှစ်က ဖြစ်ပွားခဲ့သော ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဖြစ်ပွားမှုကိုလည်း ကူးစက်မှုနှင့် သေဆုံးမှု အနည်းဆုံးဖြစ်အောင် အမျိုးသားအဆင့် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုနှစ်များတွင် နိုင်ငံအချို့၌ ဖြစ်ပွားကူးစက် လျက်ရှိသော ကြက်ငှက်တုပ်ကွေးရောဂါ (H7N9)နှင့် မားစ်ပြင်းထန်အဆုတ် ရောင်ရောဂါ (MERS-CoV)များ မြန်မာနိုင်ငံသို့ ကူးစက်ဖြစ်ပွားမှုမရှိစေ ရေးအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Ebola virus ကူးစက်မှုသည် ထိန်းချုပ်ရန် ခက်ခဲပြီး ရောဂါပိုးရှိသော လူနာများ၏ ခန္ဓာကိုယ်မှထွက်သော အရည်များဖြစ် သည့် တံတွေး၊ သလိပ်၊ သွေးတို့ကို တိုက်ရိုက်ထိတွေ့ကိုင်တွယ်မှုကြောင့် အဓိကကူးစက်ပြန့်ပွားခြင်းဖြစ်ပြီး ဆားစ်၊ ကြက်ငှက်တုပ်ကွေးရောဂါနှင့် Pandemic(H1N1) 2009 ၊ ကမ္ဘာ့ လူတုပ်ကွေးကပ်ရောဂါ၊ H7N9 ၊ MERSCoV စသည့် ကူးစက်မြန်ရောဂါများကဲ့သို့ လေထဲမှ ကူးစက်ပြန့်ပွားမှုမရှိ ကြောင်း၊ ရောဂါရှိသူများနှင့်တိုက်ရိုက်ထိတွေ့သူများ၊ ကိုင်တွယ်ပြုစုသူများ တွင်သာ ရောဂါကူးစက်နိုင်ခြေရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဆားစ်၊ ကြက်ငှက်တုပ်ကွေးရောဂါနှင့် Pandemic (H1N1) 2009 ၊ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ၊ H7N9 ၊ MERSCoV ရောဂါများကို အမျိုးသားရေးအသွင်ဖြင့် ကာကွယ်နှိမ်နင်းလျက်ရှိရာ Ebola ရောဂါ မြန်မာပြည်အတွင်းသို့ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါသည်။
အထူးသဖြင့် လွန်ခဲ့သော မတ်လအတွင်း ရောဂါကူးစက်ပြန့်ပွားနေသော အာဖရိက အနောက်လေးနိုင်ငံဖြစ်သော (Guinea, Liberia, Nigeria နှင့် Sierra Leone) တို့သို့ သွားရောက်ခဲ့သူများ Ebola ရောဂါ ခံစားနေရသူများ (သို့မဟုတ်)ရောဂါ ဖြစ်ပွားနေသော မိသားစုနှင့် အနီးကပ် နေထိုင်ခဲ့သူများ၊ လူနာပြုစုကုသခဲ့သူများအနေဖြင့် အထူးဂရုပြုရန်လိုအပ်ပြီး သံသယလက္ခဏာ များဖြစ်သော ဖျားခြင်း၊ အလွန်အမင်းအားနည်းခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် လည်ပင်းနာခြင်းတို့ ရုတ်ခြည်းခံစားရမည်ဖြစ်ပြီး အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊ ကျောက်ကပ် နှင့်အသည်းတို့ချို့ယွင်းခြင်း၊ အချို့လူနာများတွင် ခန္ဓာကိုယ်တွင်းနှင့်ခန္ဓာ ကိုယ်ပြင်ပသို့ သွေးယိုစီးခြင်းလက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာ ရေးဌာနများတွင် ပြသဆေးကုသမှု ခံယူသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက အကြောင်းကြား ထုတ်ပြန်ပြီး ဖြစ်ပါသည်။
ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း မိမိကိုယ်တိုင်အီဘိုလာရောဂါ ကူးစက်ခံရမှုမရှိစေရေး၊ အခြားသူများသို့ ရောဂါပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါဖြစ်ပွားလာပါက အသက်ဆုံးရှုံးမှုမရှိစေရေး အတွက် ဂရုပြုဆောင်ရွက်ရန် လိုအပ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း (International Surveillance) လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ယနေ့ အချိန်ထိ အီဘိုလာရောဂါကူးစက်ဖြစ်ပွားသူမရှိပါ။
ယခုအခါ အာဖရိကအနောက်ပိုင်း လေးနိုင်ငံတို့တွင် ကူးစက်ပြန့်ပွား လျက်ရှိသော အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၁၄ ခုနှစ် မတ်လမှစ၍ ၂၇-၇-၂၀၁၄ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၁၃၂၃ ဦးနှင့် သေဆုံးသူ ၇၂၉ ဦး ရှိပါသည်။ အရှေ့တောင်အာရှနိုင်ငံများသို့ ကူးစက်မှုမရှိသေးသော်လည်း မြန်မာ နိုင်ငံအနေဖြင့် ရောဂါကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် အပြည်ပြည် ဆိုင်ရာ လေဆိပ်များနှင့် ဆိပ်ကမ်းများတွင် ရောဂါဖြစ်ပွားနေသည့်နိုင်ငံ များမှ ပြန်လည်ဝင်ရောက်လာသော ခရီးသည်များအား ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း၊ ကျန်းမာရေးဝန်ထမ်းများအား သင်တန်းများပို့ချခြင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများတွင် ရောဂါကူးစက်မှုထိန်းချုပ်ခြင်း (Infection Control ) လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်နိုင်ရေးကြီးကြပ်ခြင်း၊ ရောဂါဖြစ်ပွားသည့် လူနာများအား သီးခြားစောင့်ကြပ်ကြည့်ရှု ကုသမှုပေး နိုင်ရန် (Isolation) အတွက် ဗဟို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆေး ရုံကြီးများတွင် Isolation Ward များ အသင့်ပြင်ဆင်ထားရှိခြင်း၊ နယ်စပ် ဒေသများတွင် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အားဖြည့်ဆောင်ရွက်ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် သတင်းအချက်အလက်ဖလှယ် ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

No comments:

Post a Comment