Sunday, August 3, 2014

(၂၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးကျင်းပ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးအတွက် အပြုသဘောတူလက်မှတ်ရေးထိုး


နေပြည်တော်-ဩဂုတ်(၂)
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၂၈)ကြိမ် မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြား ကော်မတီအစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်(၁)ရက် နံနက်(၁၀)နာရီတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပုလဲသန္တာဟိုတယ်၌ ကျင်းပရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊
ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝင်းမောင်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အမှတ်(၃) စစ်တိုင်းမှူး Lt.Gen Preecha Jan-O-Cha နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ထိုင်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen Preecha Jan-O-Cha တို့က အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအတွင်းရေးမှူးအဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် သန်းထွတ်သိန်း၊ ထိုင်းကိုယ်စားလှယ်အဖွဲ့အတွင်းရေးမှူး Maj. Gen. Thana Charuwat နှင့် မြန်မာ-ထိုင်းဒေသဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက(၂၇)ကြိမ်မြောက် မြန်မာ -ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးမှတ်တမ်းအား ပြန်လည်သုံးသပ်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ် ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများပူးပေါင်း နှိမ်နင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များအား ကဏ္ဍ အလိုက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး ဒုတိယနေ့ကို ဩဂုတ် (၂)ရက် နံနက်(၈)နာရီတွင် အဆိုပါဟိုတယ်၌ ဆက်လက်ကျင်းပရာ အစည်းအဝေးတွင် (၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ကျင်းပမည့် ရက်နှင့် နေရာတို့ကို သတ်မှတ်၍ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt. Gen. Preecha Jan-O-Cha တို့က(၂၈)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးခဲ့ ကြသည်။

ယင်းနောက် မြန်မာ-ထိုင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက နှစ်နိုင်ငံအထိမ်းအမှတ်တံဆိပ်များကို အပြန်အလှန် ပေးအပ်ကြပြီး အမှာစကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြ ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment