Monday, August 4, 2014

သက်တမ်းလွန် ဆေးဝါးများ၊ စားသောက်ကုန် လူသုံးကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီး

မန္တလေး ဩဂုတ် ၃
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ သက်တမ်းလွန် ဆေးဝါးများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ မီးရှို့ ဖျက်ဆီးခြင်းနှင့် မြေမြှုပ် ဖျက်ဆီးခြင်းကို ဩဂုတ် ၁ ရက် နံနက် ၉ နာရီခွဲက အေးရိပ်ငြိမ် သုသာန်၌ ကျင်းပရာ ရှေးဦးစွာ မီးရှို့ ဖျက်ဆီးရာသို့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ဒေါက်တာ အေးငြိမ်းမြတ်၊ ခရိုင် ကျန်းမာရေး ဦးစီးမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြို့တော် စည်ပင် သာယာရေး ဌာနခွဲ တာဝန်ခံ ဆရာဝန်ကြီးနှင့် ဆရာဝန်များက တက်ရောက်၍ အဆိုပါ သက်တမ်းလွန် ဆေးဝါးပစ္စည်း အမျိုးမျိုး၊ စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးတို့ကို မီးရှို့ ဖျက်ဆီးမည့် အခြေအနေများနှင့် ဓာတုဗေဒ ပစ္စည်းများ မြေမြှုပ် ဖျက်ဆီးမှု အခြေအနေများကို တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းဝင်းနှင့် တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသသည်။


ထို့နောက် မန္တလေးမြို့ အခြေစိုက် လူသုံးကုန်၊ စားသောက်ကုန် ဖြန့်ဖြူးရေး လုပ်ငန်းများမှ ဖျက်ဆီးရန် အပ်နှံလာသော ငွေကျပ် ၂၁၉၀၀၃၂၅ ဒသမ ၆၅ တန်ဖိုးရှိ AA Medical Product မှ ဆေးမျိုးစုံ၊ ငွေကျပ် ၃၆၉၅၆၄၃၉ ကျပ်တန်ဖိုးရှိ Mega life se,Ltd မှ (Nestle) စားသောက်ကုန်များ၊ ငွေကျပ် ၅၄၂၇၀၄၅ ကျပ်တန်ဖိုးရှိ လူသုံးကုန် ပစ္စည်းများ၊ ငွေကျပ် ၈၂၂၇၇၇၆ တန်ဖိုးရှိ ဆေးဝါး ပစ္စည်းများ၊ ငွေကျပ် ၃၅၇၈၉၈၂၀ တန်ဖိုးရှိ GSE စားသောက်ကုန်များ စုစုပေါင်းတန်ဖိုး ၈၆၄၀၁၀၈၀ ကျပ်တို့ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ခုတင် ၃၀၀ ကလေး ဆေးရုံကြီးမှ ဓာတုဗေဒ ပစ္စည်းများကို မြေမြှုပ် ဖျက်ဆီးခဲ့ရာ စုစုပေါင်း ငွေကျပ် ၁၀၈၃၀၁၄၀၅ ဒသမ ၆၅ ရှိ ပစ္စည်းများကို ဩဂုတ် ၃ ရက်က ဖျက်ဆီးခဲ့သည်။ အဆိုပါ သက်တမ်းလွန် စားသုံးရန် မသင့်သော အစားအသောက်၊ ဆေးဝါးများအား စစ်ဆေးခြင်း၊ အသိပညာ ပေးခြင်း၊ သိမ်းဆည်းခြင်းများကို ပုံမှန် စစ်ဆေး ဆောင်ရွက်လျက် ရှိပြီး ပစ္စည်းများကို မီးရှို့ဖျက်ဆီး၍ ကလေး ဆေးရုံကြီး ခုတင် ၃၀၀ တွင် ၁၉၃၀ ပြည့်နှစ်က ထုတ်ပေးထားသော သက်တမ်းလွန် အသုံးပြုမရသော ဆေးရုံသုံး ဓာတုဗေဒ ဆေးဝါးများ ပါဝင်ပြီး အခြား ဆေးဝါးများဖြင့် တွဲဖက် ထားရှိပါက အာနိသင် ပြောင်းလဲခြင်း၊ ဓာတု အဆိပ်အတောက် ဓာတ်ငွေ့များဖြစ်ခြင်း၊ ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများ၊ လူနာများ ထိခိုက်နိုင်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် နိုင်ငံတကာ စွန့်ပစ်နည်း လမ်းစဉ်များအတိုင်း မြေကျင်းတွင် ကွန်ကရစ် ပိုက်ခွေဖြင့် စနစ်တကျ မြှုပ်နှံ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment