နေပြည်တော်-ဩဂုတ် ၁၂
၁၉၈၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ လူငယ်များအတွက် ပညာရေး၊ အလုပ်အကိုင်၊ ငတ်မွတ်ခေါင်းပါးမှု၊
ဆင်းရဲမွဲတေမှု၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်၊ မူးယစ်ဆေးဝါး၊ ဆိုးသွမ်းလူငယ်၊ သတင်းအချက်အလက်နှင့်
နည်းပညာ၊ HIV/AIDS ၊ လူငယ်နှင့်ပဋိပက္ခ စသည့်အချက်များကို ဦးစားပေး ကဏ္ဍတွင် ဆောင်ရွက်ရန်
ထည့်သွင်း သတ်မှတ်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက နှစ်စဉ်နှစ်တိုင်း ဩဂုတ်(၁၂)ရက်ကို
နိုင်ငံတကာ လူငယ်များနေ့အဖြစ် သတ်မှတ်၍ ၂၀၀၀ ပြည့်နှစ်မှစတင်ကာ နိုင်ငံတကာ လူငယ်များနေ့
အထိမ်းအမှတ်အခမ်းအနား စတင်ဆောင်ရွက်ခဲ့သည်။ ယခုနှစ်ဩဂုတ်(၁၂)ရက်တွင် ကျရောက်သည့် နိုင်ငံတကာ
လူငယ်များနေ့ အခမ်းအနားကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေး
စောင့်ရှောက်ရေး အသင်းချုပ်ရုံး၌ ပထမဆုံးအကြိမ်အဖြစ် ယနေ့နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။
၂၀၁၄ ခုနှစ် နိုင်ငံတကာလူငယ်များနေ့အတွက် ဆောင်ပုဒ်မှာ “လူငယ်နဲ့စိတ်ကျန်းမာရေး”
ဖြစ်သည်။ နိုင်ငံတကာလူငယ်များနေ့တွင် လူငယ်များ၏ အနုပညာနှင့်ဆန္ဒများကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြသည့်
လူငယ်များနေ့အထိမ်းအမှတ်အစီအစဉ်များ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
အခမ်းအနားကို မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာမွန်မွန်အောင်က
ဖွင့်လှစ်ပေးရာ ဗဟိုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး
အဖွဲ့များမှ လူငယ်ကိုယ်စားလှယ်များက ၎င်းတို့ကိုယ်တိုင် ရေးစပ်ထားသော “အနာဂတ်ဘ၀တို့တွေပိုင်ဆိုင်မည်”
တေးသီချင်းကို အဖွင့်သီဆိုခဲ့ကြသည်။ ဆက်လက်၍ လူငယ်များ၏ သဘောသဘာဝ၊ စိတ်ကျန်းမာရေးကို
ထိခိုက်စေသော အကြောင်းအရာများ၊ လူ့လောကတွင် ညှိယူနေထိုင်မှုပုံစံများ၊ ဘ၀အောင်မြင်ရန်အတွက်
ပတ်ဝန်းကျင်နှင့်မိဘ များနှင့် အပြန်အလှန် အပေါင်းလက္ခဏာ ဆက်သွယ်နည်းများကို လူငယ်များက
ဆွေးနွေးခဲ့ကြသည်။
အလုပ်အကိုင် အခွင့်အလမ်းအသစ်များနှင့် မိမိတို့နိုင်ငံတွင်းရှိ လူငယ်များအတွင်း၌
ဖြစ်ပွားတတ်သည့် အခက်အခဲပြဿနာနှင့် စိန်ခေါ်မှုများကို လူငယ်များကိုယ်တိုင် ကျော်လွှားနိုင်ရန်
မြန်မာနိုင်ငံအတွင်းရှိသည့် လူငယ်များအတွက် တိုးတက်ကောင်းမွန်သော အခွင့်အလမ်း အပြည့်အဝရရှိပြီး
တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတော်၏ အနာဂတ်အင်အားသစ်များ ဖြစ်နိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊
ပြည်နယ်နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့်
ကျောင်းကျန်းမာရေး တာဝန်ခံဆရာဝန်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ
မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ လူငယ်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးများနှင့်
ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ နေပြည်တော်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ
ထူးချွန်၊ ကြက်ခြေနီ၊ ကင်းထောက်လူငယ်များ၊ လယ်ဝေးမြို့နယ်မှ ကျောင်းပြင်ပလူငယ်များနှင့်
ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment