Sunday, August 3, 2014

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များဆွေးနွေး

နေပြည်တော်-ဩဂုတ်(၂)
ဇူလိုင်(၃၀)ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး ဌာန၌ကျင်းပသည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆွေးနွေး ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က အမှာစကားပြောကြားရာ၌
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများကို အမြင့်မားဆုံးရရှိနိုင်ရန်၊ ခရီးစဉ်ဒေသများတွင် ဆိုးကျိုးများသက်ရာက်မှု အနည်းဆုံး ဖြစ်စေနိုင်ရန်နှင့် တာဝန်ယူမှုရှိသော ဝန်ဆောင်မှုများကို ဖန်တီးပေးနိုင်ရန် တို့အတွက်ရည်ရွယ်ပြီး အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်  “ တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒ (Responsible  Tourism  Policy) “ ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး ဆက်စပ်ဝန်ကြီးဌာနများ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များသို့ ဖြန့်ဝေပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အနာဂတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ အစီအစဉ် (၆)ခုနှင့် နှစ်တို၊ နှစ်ရှည်အလိုက် အကောင်အထည်ဖော်သွားမည့် စီမံကိန်း(၃၈)ခုပါဝင်သော  “ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း(၂၀၁၃-၂၀၂၀) (Myanmar  Tourism Master  Plan 2013-2020) ကိုလည်း ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်မှုအဆင်ပြေ လွယ်ကူစေရန် e-Visa စနစ်ကိုလည်း လာမည့် စက်တင်ဘာလအတွင်း အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ဧည့်သည်များ၏ ဝင်ရောက်/ထွက်ခွာမှု၊ ခရီးစဉ် ဒေသများသို့ သွားလာလည်ပတ်မှု၊ တည်းခိုနေထိုင် စားသောက်မှု စသည့်ဖြင့် အစစအဆင်ပြေလွယ်ကူစေရေး အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် လက်အောက်အသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလှယ်များက ပါဝင် အကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment