Saturday, August 9, 2014

အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းဆင်းပွဲ ဖောင်ကြီး၌ကျင်းပ



နေပြည်တော်-ဩဂုတ် ၉

အခြေခံပညာဆရာ ဆရာမများအထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၈၈)သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်(၉)ရက် နံနက်(၉)နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)၌ ကျင်းပရာ  သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးသန်းထွန်း၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ တာဝန်ရှိသူများနှင့် အခြေခံပညာဆရာ ဆရာမသင်တန်းသား သင်တန်းသူ (၁၅၀၁)ဦး တက်ရောက်ကြသည်။

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက အမှာစကား ပြောကြားရာတွင် ဖွံ့ဖြိုးတိုးတက်လာမှု အလုံးစုံ၏ရင်းမြစ်သည် ပညာဖြစ်ကြောင်း၊ ပညာသည်သာလျှင် ပဓာန၊ ပညာသည်သာလျှင် အဓိက၊ ပညာသည်သာလျှင် အခရာဖြစ်ကြောင်း၊ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးရာတွင် သင်ယူမှုအခွင့်အလမ်း မြင့်မားလာစေရေးအတွက် ကျောင်းအဆင့် များတိုးမြှင့်ပေးခြင်း၊ ကျောင်းများတိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ကျောင်း အဆောက်အအုံ များတိုးချဲ့ဆောက်လုပ်ပေးခြင်း၊ လက်ရှိကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန်အောင်ပြုပြင်ပေးခြင်း၊ ခေတ်မီသင်ကြားသင်ယူမှုအထောက်အကူ ပစ္စည်းများဖြည့်ဆည်းပေးခြင်း၊ သိပ္ပံလက်တွေ့ခန်းသုံး ပစ္စည်းများ ဖြည့်ဆည်းပေးခြင်းများကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ပေးနေတာကိုလည်း တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တစ်ဦးချင်းစီကိုယ်တိုင်က လိုအပ်သည့်ပညာ အရည်အချင်းပြည့်မီအောင်၊ ဗဟုသုတနှံ့စပ်ကြွယ်ဝအောင် ပကတိ အခြေအနေမှန်များကိုသိရှိနားလည်အောင် လေ့လာဖြည့်ဆည်းနေကြရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမတို့ မွေးမြူလေ့ကျင့်ပေးလိုက်သည့် တပည့်များ အားလုံးကို ပညာအခြေခံကောင်းများနှင့်အတူ စိတ်ဓာတ်ဆိုင်ရာ အခြေခံကောင်းများ၊ စည်းကမ်းဆိုင်ရာအခြေခံ ကောင်းများရရှိသွားအောင် သင်ကြားလေ့ကျင့်ပေးနေကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆုရ သင်တန်းသား သင်တန်းသူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များကို တပ်ခွဲအလိုက်ပေးအပ်ကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment