အခြေခံပညာဆရာ ဆရာမများအထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၅၇) သင်တန်းဆင်းပွဲ
အခမ်းအနားကို ဩဂုတ် (၉) ရက် နံနက် (၉) နာရီတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌
ကျင်းပရာ အခမ်း အနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးငွန်မောင်း၊ တာဝန်ရှိသူများနှင့်
အခြေခံပညာ ဆရာ ဆရာမသင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၄၉၉) ဦး တက်ရောက်ကြသည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက အမှာစကား ပြောကြားရာတွင် ဖွံ့ဖြိုးတိုးတက်လာမှု
အလုံးစုံ၏ ရင်းမြစ်သည် ပညာဖြစ်ကြောင်း၊ ပညာသည်သာလျှင် ပဓာန၊ ပညာသည်သာလျှင် အဓိက၊ ပညာ
သည်သာလျှင် အခရာဖြစ်ကြောင်း၊ အသိပညာကို ဆောင်ကြဉ်းပေးနိုင်သော ဝိဇ္ဇာပညာရပ်ဖြစ်စေ၊ အတတ်ပညာရပ်ကို
ဆောင်ကြဉ်းပေးနိုင်သော သိပ္ပံပညာရပ်ဖြစ်စေ ဖွံ့ဖြိုးတိုးတက်မှုအလုံးစုံမှာ အပြန် အလှန်အမှီသဟဲပြု
နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအလုံးစုံမှာ ဝိဇ္ဇာပညာရပ်ရော သိပ္ပံပညာရပ်ပါ
ဒွန်တွဲနေတာ ဖြစ်ကြောင်း၊ စိတ်ဓာတ်ကို ခွန်အားဖြစ်စေသော၊ အတွေးအမြင်ကို ကျယ်ပြန့် စေသော၊
စာရိတ္တကိုစင်ကြယ်စေသော၊ ကိုယ်ကျင့်တရားကိုဖြောင့်မတ်စေသော လောကနီတိနှင့် ပြည်သူ့နီတိ
အလေ့အကျင့်ကောင်းတွေကို (Second Nature) အလေ့အထ ဖြစ်သွားသည်အထိ လေ့ကျင့် သင်ကြား ပေးရမည်ဖြစ်ကြောင်း၊
ဆရာဆရာမများအနေဖြင့် မိမိကျောင်းသည် မိမိဒေသ၏ သင်ယူမှု ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်သည်အထိ
မျှော်မှန်းပြီး ဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမတို့ မွေးမြူလေ့ကျင့် ပေးလိုက်သည့်
တပည့်များအားလုံးကို ပညာအခြေခံကောင်း များနှင့်အတူ စိတ်ဓာတ်ဆိုင်ရာ အခြေခံကောင်းများ၊
စည်းကမ်းဆိုင်ရာ အခြေခံကောင်းများ ရရှိသွားအောင် သင်ကြား လေ့ကျင့်ပေးနေကြရမည် ဖြစ်ကြောင်း၊
ဆရာ ဆရာမတို့အနေဖြင့် ပညာပြည့်ဝသော၊ စိတ်ဓာတ်မြင့်မြတ် သော၊ စည်းကမ်းကောင်းမွန်သော
နိုင်ငံ့သားကောင်း လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာအောင် သင်ကြား၊ လေ့ကျင့်၊ မွေးမြူပေးကြရမည်ဖြစ်ကြောင်း
စသည်ဖြင့်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ထူးချွန်ဆုရ သင်တန်းသား သင်တန်းသူများအား
ဆုများချီးမြှင့်ပြီး သင်တန်းဆင်း လက်မှတ်များကို တပ်ခွဲအလိုက် ပေးအပ်ကာ အခမ်းအနားကို
ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment