Tuesday, August 26, 2014

သထုံမြိုနယ်၊ သုဝဏ္ဏဝတီမြို့ရှိ ရေဘေးသင့် ကျောင်းသား/ကျောင်းသူများအား ပြည်ပရှိပအိုဝ်းလူငယ် ပရဟိတအဖွဲ့မှ ကျောင်းသုံးပုံနှိပ်များ လှူဒါန်း

သထုံ ၊ ဩဂုတ် ၊ ၂၅
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ကျိုက္ကော်၊ သိမ်ဆိပ်၊ တောင်ကြားရပ်ကွက်များနှင့် အနီးဝန်း ကျင် ကျေးရွာများရှိ ကျောင်းများမှ ရေဘေးဒဏ်ခံ ကျောင်းသားကျောင်းသူများအား ငွေကျပ် ၇ သိန်း နီးပါးတန်ဖိုးခန့်ရှိ
ကျောင်းသုံးပုံနှိပ် စာအုပ်များကို မလေးရှားနိုင်ငံရှိ ပါရမီဖြည့်ဖက် ပအိုဝ်းတိုင်းရင်းသား လူငယ်များပရဟိတအဖွဲ့မှ ပေးပို့လှူဒါန်းခဲ့ရာ သထုံမြို့ရှိ ခွန်တန်နွယ် ပအိုဝ်းလူငယ်ကွန်ယက်မှ ဩဂုတ်လ ၂၅ ရက်နေ့က အထက(ကျိုက္ကော်) ရွှေရတုခန်းမတွင် သွားရောက်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားတွင် အထက(ကျိုက္ကော်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်နှင့် ပြည်နယ်ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရွှေသင်း တို့က အမှာစကားပြောကြားကြပြီး ပါရမီဖြည့်ဖက် လူငယ်ပရဟိတအဖွဲ့၏ လှူဒါန်းပေးရသည့်ရည်ရွယ်ချက်များကို ခွန်တန်နွယ် ပအိုဝ်းလူငယ် ကွန်ယက်မှ ခွန်သက်မောင်မောင်က ရှင်းလင်း သည်။
ယင်းနောက်တာဝန်ရှိသူတို့က ငွေကျပ် ၆၉၀၀၀၀ တန်ဖိုးရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသုံး ပုံနှိပ်စာအုပ် ၃၅၂ စုံ ကို ပေးအပ်ရာ ဆရာ ဦးကျော်ကျော်မြတ် က ကျောင်းသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
သထုံမြို့နယ်အတွင်း ရေနစ်မြုပ်မှုများတွင် အဆိုပါ ပရဟိတအဖွဲ့၏ ယခုလှူဒါန်းမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့က ဒုံဝန်းကျေးရွာရှိ ရေဘေးသင့်သူများအား ဆန် နှင့် အခြားအသုံးအဆောင်များကို ပထမအကြိမ် လှူဒါန်းခဲ့သည်။

၎င်းအပြင် ခွန်တန်နွယ် ပအိုဝ်းလူငယ် ကွန်ယက်အဖွဲ့၏ချိတ်ဆက်မှုဖြင့် လာမည့်အပတ်အတွင်း ထိုင်းနိုင်ငံ ရှိ ပအိုဝ်းလူငယ်များ စုပေါင်းကာ ရေဘေးသင့်သူများအား အဝတ်အထည်၊ ဆန်နှင့် အခြားပစ္စည်း များကို လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။

No comments:

Post a Comment