နေပြည်တော် ဩဂုတ်
၁
ရန်ကုန်မြို့မှ ဇူလိုင်(၈) ရက်တွင်
Air
Asia လေကြောင်းဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသား (၇၅)ဦးအား ကွာလာလမ်ပူမြို့လေဆိပ်၌ ဖမ်းဆီး ထိန်းသိမ်းထားကြောင်းဖြင့် မလေးရှားလေဆိပ် လူဝင်မှုကြီးကြပ်ရေး ဌာနက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ဇူလိုင်(၁၇)ရက်တွင် အကြောင်းကြားခဲ့သဖြင့် မြန်မာသံရုံးက ဖမ်းဆီးထိန်းသိမ်း ခံထားရသူများအား သွားရောက် တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိ၏ ပြောကြားချက်အရ Air Asiaလေကြောင်းဖြင့် ဆိုက်ရောက်လာသည့် မြန်မာနိုင်ငံသား (၇၂)ဦးအား အေးဂျင့်သုံးဦးက ဦးဆောင်၍ ခေါ်လာစဉ် ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ အေးဂျင့်နှစ်ဦးအား လူကုန်ကူးမှု၊ မသင်္ကာမှုတို့ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း၊ စုံစမ်းစစ်ဆေးပြီး သိရှိရသည်များကို မြန်မာသံရုံးသို့ အသိပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းကဲ့သို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဒုတိယအတွင်းဝန် ဦးတင်ဝင်းအောင်သည် ကွာလာလမ်ပူလေဆိပ် Mr. Ahmad Nasir Bin Hamid အား သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့ သွားရောက်တွေ့ဆုံစဉ် ဆွေးနွေးချက်များအရ သိရှိရသည်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ များအနက် မြင့်စိုး(၄၄)နှစ်၊ စုမြတ်နန္ဒာဝင်း(၃၇)နှစ်၊ အိသူဇာဝင်း(၃၆)နှစ်တို့အား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုသွားမည်ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ(၇၅)ဦးအနက် (၅၈)ဦး၏ ပြည်ဝင်ဗီဇာများမှာအတုများဖြစ်သည်ကို စိစစ်တွေ့ရှိရကာ စုံစမ်းစစ်ဆေးချက်များအရ ၎င်းတို့သည် တစ်ဦးလျှင် မလေးရှားရင်းဂစ်ငွေ(၃၅၀၀)နှင့်ညီမျှသော မြန်မာကျပ်ငွေကို ဝန်ဆောင်ခအဖြစ် ပွဲစားများအားပေးခဲ့ရကြောင်း သိရသည်။
ထို့ပြင် မြင့်စိုးပါသုံးဦးအား တရားစွဲဆိုရာတွင် ကျန်(၇၂)ဦးက သက်သေအဖြစ်လိုက်ပါဆောင်ရွက်ရမည် ဖြစ်သဖြင့် ၎င်းတို့အား အမှုကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်နိုင်မည်မဟုတ်ကြောင်းသိရပြီး ပြည်ဝင်ဗီဇာအတု ကိုင်ဆောင်ထားသူများအား လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အရေးယူမည်၊မယူမည်ကို မသိရှိရ သေးကြောင်းနှင့် ယခုရက်များသည် ၎င်းတို့၏ ဘာသာရေးရုံးပိတ်ရက်များဖြစ်သဖြင့် အမှုရုံးချိန်းအား လာမည့် ဩဂုတ်လဆန်းတွင် ခေါ်ယူသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက်မှ အပြစ်ရှိသူများအား မလေးရှားနိုင်ငံ၏ တည်ဆဲစည်းမျဉ်း၊ စည်းကမ်း ဥပဒေများအရ စိစစ်လျက်ရှိသည့်ဖြစ်စဉ်တွင် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အပြစ်မဲ့ထိန်းသိမ်းခံထားရသူများအား အမြန်းဆုံးပြန်လည်စေလွတ် ပေးရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည့် သံတမန်စာကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဇူလိုင်( ၂၅)ရက်တွင် ပေးပို့ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းရရှိသည်။
No comments:
Post a Comment