Saturday, August 30, 2014

သုဝဏ္ဏဝတီမြို့မှ သောက်သုံးရေတွင်း ၅၀၀ ကျော်အား ရေဆိုးများ လိုက်လံသန့်စင်ပြီးစီး



သထုံ    ဩဂုတ်    ၂၉
သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်၊ သိမ်ဆိပ် ရပ်ကွက်များများမှ ရေနစ်မြုပ်ခဲ့သော သောက်သုံး ရေတွင်း ၅၀၀ ကျော်အား စင်္ကာပူ နိုင်ငံရောက် မြန်မာ လူငယ်များ၏ စုပေါင်း လှူဒါန်းမှုဖြင့် ကျိုက္ကော် စေတနာလူမှု ကူညီရေး အဖွဲ့ဝင်များက ဆယ်ထုတ်သန့်စင် ပေးခဲ့ကြောင်း သိရသည်။




ရေကြီးပြီးတာနဲ့ ကျွန်တော် သတိပြုမိတာက သောက်သုံး ရေတွင်းတွေပါ။ ရေနစ်မြုပ်ခဲ့လို့ ရေတွင်း တွေက အတော် ညစ်ညမ်း ကုန်တော့ လူတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာတယ်။ ဒါကြောင့် ရေတွင်းတွေကို ဆယ်ယူဖို့ ဆုံးဖြတ်ပြီး နီးစပ်ရာ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ အထူးသဖြင့် စင်္ကာပူ နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ လူငယ်တွေရဲ့ လှူဒါန်းမှုနဲ့ အခုလို လုပ်နိုင် တာပါဟု အဖွဲ့ ခေါင်းဆောင် ကိုကျော်ထိုက်က ပြောသည်။
ဩဂုတ်လ ၅ ရက်နေ့ ကဖြစ်ပွားခဲ့သော သုဝဏ္ဏဝတီမြို့၏ မကြုံစဖူး ရေကြီးမှုကြောင့် သောက်သုံး ရေတွင်းများ အားလုံး ရေနစ်မြုပ်ပြီး ညစ်ညမ်းခဲ့ရာ အဆိုပါ အဖွဲ့ဝင်များနှင့် လူမှုရေး တက်ကြွ သူများက ရေစုပ်စက်ကြီး ၅ လုံးဖြင့် ဩဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ရေဆိုးများအား စုပ်ထုတ်ပြီး ကျန်းမာရေး ဦးစီးဌာနမှ ရေသန့် ဆေးများခပ်ကာ လိုက်လံသန့်စင် ပေးခဲ့ရာ ဩဂုတ်လ ၂၈ ရက်နေ့က လုပ်ငန်းများ ပြီးစီးပြီ ဖြစ်သည်။
ဝမ်းရောဂါနဲ့ အခြားကူးစက် ရောဂါတွေကို ကြောက်လို့ ရေတွင်းထဲကရေကို မသုံးရဲဘူး တာဝန်ရှိသူတွေ ကတော့ ဖြစ်ပြီးတာနဲ့ ရေသန့်ဆေး လာခပ်ပေးပါတယ်။ ဒါပေမယ့် ရေရဲ့ အရောင်က နီရဲပြီး ညစ်ပတ်နေတော့ မသုံးရဲတာနဲ့ မိုးရေကို ခံပြီးသုံးနေတာ။ အခုလို ရေအားလုံးကို စုပ်ထုတ် ပစ်ချင်ပေမယ့် ရေကြီးခဲ့လို့ သူများ ထောက်ပံ့တာကို အားကိုးနေရချိန်မှာ မတတ်နိုင်ခဲ့ဘူး။ ဒီလို အချိန်မှာ ခုလိုလာပြီး လုပ်ပေးတဲ့အတွက် မယုံ နိုင်လောက်အောင် ဖြစ်ပြီး ပြောမပြ တတ်အောင် ကျေးဇူး တင်ပါတယ်ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment