Friday, August 8, 2014

လူအုပ်စုတစ်စုက လူနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်ညှင်းပန်းနှိပ်စက် တားဆီးကာကွယ်သော လုံခြုံရေးတပ်ဖွဲ့ ၀င်များအား ရန်ပြုသဖြင့် ပြန်လည်ခုခံပစ်ခတ်ရာမှ တစ်ဦးသေဆုံး


နေပြည်တော် သြဂုတ် ၇
 
ရခိုင်ပြည်နယ် စစ်တွေမြို့၌ သြဂုတ် ၆ ရက်က လူအုပ်စုတစ်စုက လူနှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရိုက်နှက်ညှင်းပန်း နှိပ်စက်ခဲ့သည့် အပြင် သွားရောက် တားဆီး ကယ်ဆယ်သော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရန်ပြုသဖြင့် ပြန်လည်ခုခံပစ်ခတ် ရာမှ လူတစ်ဦးသေဆုံးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။

စစ်တွေမြို့နယ်ရှိ အမှတ် (၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲသို့ သြဂုတ် ၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် လူနှစ်ဦးရောက်ရှိလာပြီး ည ၇ နာရီခန့်က ဆွေတာဟာမက် (ခ) မောင်စိန်၏ သားများဖြစ်သော အလူလာလုံ (၂၁) နှစ်နှင့် လာဘာဟူစွန်း (၁၃) နှစ်တို့အား မှန်စီကယ်ဆယ်ရေး စခန်းရှိ ကွမ်းယာဆိုင်သို့ ကွမ်းယာသွားဝယ်စဉ် ကယ် ဆယ်ရေးစခန်းရှိ လူအုပ်စုတစ်စုက ပစ္စည်းခိုးဝှက်တတ်သူ များဖြစ်ကြောင်း ပြောဆိုကာ ဖမ်းဆီး၍ ကြိုးနှင့်တုပ်ပြီး ရိုက်နှက်ညှင်းပန်းနေကြောင်း လာရောက်တိုင်တန်းခဲ့သည်။
သို့ဖြစ်၍ ယင်းလူအုပ်စုသည် ရဲအရေးပိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂  မတရားချုပ်နှောင်မှုကို ကျူးလွန်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ၀င်များက မတရားချုပ်နှောင်ခံထားရသူများ အားကယ်ဆယ်ရန် သွားရောက်ခဲ့ကြောင်း၊ ယင်းနေရာသို့ ရောက်ရှိစဉ် မှန်စီကယ်ဆယ်ရေးစခန်းရှိ လူ ၇၀ ခန့်က တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်လျက် ဆူပူအော်ဟစ်အော်ဟစ်နေသည့်အတွက် လူစုခွဲရန် သတိပေးပြီး လူစုခွဲစေခဲ့ကြောင်း သိရသည်။
လူစုခွဲရန် သတိပေးသည့်အမိန့်ကို မနာခံဘဲ လူအုပ်စုက ကြိုးတုပ်ဖမ်းဆီး ထားသူနှစ်ဦးအား လယ်ကွင်းပြင်ဘက်သို့ ဆွဲခေါ်သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ၀င်များက ယင်းလုပ်ရပ်မှာ လူသတ်မှုကျူးလွန်ရန် အားထုတ်နေခြင်းဖြစ် သည့်အတွက် ထိုသူနှစ်ဦး၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်ရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၀ ကာကွယ်ခုခံပိုင်ခွင့်အရ သေနတ်ဖြင့် ၅ ချက်သတိပေးပစ်ခတ်ခဲ့ကြောင်း၊ သို့ရာတွင် လူအုပ်စုက ကြိုးတုတ်ဖမ်းဆီးထားသူနှစ်ဦးအား လယ်ကွင်းဘက်သို့ ဆက်လက် ဆွဲခေါ်သွားသဖြင့် လုံခြုံရေးတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေး ၁၂ ဗို့သေနတ်ဖြင့် တစ်ချက် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊
ထို့နောက် လူအုပ်စုသည်  နောက်ဆုတ်မသွားဘဲ ရှေ့တိုးလာကာ တပ်ဖွဲ့ဝင် များအား အော်ဟစ်ဆဲဆိုပြီး ခဲများဖြင့်ပစ်ပေါက်ရန်ပြုလာသောကြောင့် အဓိကရုဏ်း နှိမ်နင်းရေးသေနတ်ဖြင့် လေးချက်ထပ်မံပစ်ခတ်တားဆီး ခဲ့သည့်အတွက် လူအုပ်စုမှာ အနည်းငယ်ရှင်းလင်းသွားသောကြောင့်  ဖမ်းဆီးခံထားရသူနှစ်ဦးအား ဆွဲထုတ်ကယ် ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍  ဓားကိုင်ထားသည့် ရှောင်ရှုအာလောင် (အသက် ၃၀) ၊ အဒူကဖူ (၅၂ နှစ်)၊ အဇူမာလစ် (၄၇ နှစ်) တို့အား ဓားလွှတ်ချရန် ပြောဆိုပြီး ထိန်းသိန်းရန် ကြိုးစားစဉ် ရှောင်ရှုအာလောင်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓားမဖြင့် အတင်းဝင် ရောက်ခုတ်ခဲ့သဖြင့် တပ်ဖွဲ့ဝင်တစ်ဦးက ခုခံကာကွယ်သည့်အနေဖြင့် သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခုခံရာ ၎င်းမှာ သေနတ်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ကျန် ဓားကိုင်ထားသည့် အဒူကဖူ နှင့် အဇူမာလစ်တို့အပါအ၀င် ပြစ်မှုကျူးလွန် သူများအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် စစ်တွေမြို့မရဲစခန်းက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူအကြမ်းဖက်မှု များနှင့် ပတ်သက်၍ တရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။

No comments:

Post a Comment