ရန်ကုန်
ဩဂုတ် ၎
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များဆိုင်ရာ
ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးအစည်းအဝေး
ခန်းမ(၃)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်
အမှာစကား ပြောကြားသည်။ ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်
ဦးဇေယျာအောင်၊
ဦးကျော်လွင်နှင့် ဦးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီးများ၊
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ
ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက
အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် ပုဂ္ဂလိက
စက်မှုလုပ်ငန်း လုပ်ပိုင်ခွင့်ဥပဒေပေါ်ထွက်လာပြီးနောက် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို
ရည်မှန်း၍ မြန်မာနိုင်ငံ တစ်ဝန်းတွင် စက်မှုဇုန်များ ပေါ်ထွန်း ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး
တွင်လည်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့သစ်များသို့ ပြောင်းရွှေ့
နေထိုင်သူ ပြည်သူများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေဖန်တီး ပေးနိုင်ရန်၊ မြို့တွင်းလူနေ
ရပ်ကွက်များအတွင်း လုပ်ကိုင်နေသော စက်မှုလုပ်ငန်းများကို စနစ်တကျ နေရာသတ်မှတ်ပေးနိုင်ရန်၊
တိုင်းရင်းသား လုပ်ငန်း ရှင်များ၏ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ အားပေး မြှင့်တင်ရန်
ရည်ရွယ်ချက်များဖြင့် စက်မှုဇုန်များ တည်ထောင်ပေးခဲ့ပါကြောင်း။
စတင်တည်ဆောက်စဉ်က ရင်းနှီးတည်ဆောက်သူရွေးချယ်၍
ပင်မစီမံချက်များဖြင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက် ရေးကို အကောင်အထည်ဖော်နိုင်မှု အားနည်းခဲ့ပါကြောင်း၊
ထို့ကြောင့် ယနေ့စက်မှုဇုန်များတွင် ရေ၊ မီး၊ လမ်း၊ ရေနုတ်မြောင်းစနစ်၊ စွန့်ပစ်ပစ္စည်း
စီမံခန့်ခွဲမှု စနစ်စသည့် အခြေခံ အဆောက်အအုံများ ပြည့်စုံလုံလောက် ကောင်းမွန်မှုမရှိခြင်း၊
ကျွမ်းကျင် လုပ်သားရှားပါးခြင်း၊ အရင်းအနှီး အတွက် ဘဏ်ချေးငွေကဲ့သို့သော ငွေကြေး အရင်းအမြစ်
အလှမ်းဝေးခြင်း၊ ထုတ်လုပ်မှုစရိတ်မြင့်မား၍ ဈေးကွက်ယှဉ်ပြိုင်နိုင်မှုမရှိခြင်း၊ စက်မှုဇုန်မြေ
ဈေးကစားမှုများ ရှိခြင်း၊ အလုပ်ရှင်၊ အလုပ်သမားပြဿနာ များဖြေရှင်းနေရခြင်း စသည့်စိန်ခေါ်မှုများနှင့်
ရင်ဆိုင်နေရ ပါကြောင်း၊ ယင်း စိန်ခေါ်မှုနှင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပြီး ဖွံ့ဖြိုးတိုးတက်မှု
လမ်းကြောင်း ပေါ်သို့ တွန်းတင်ပေးနေသည့် တစ်ချိန်တည်းမှာပင် အလားတူချို့ယွင်း အားနည်းမှုများကို
ရှောင်ရှား နိုင်မည့် စက်မှုဇုန်နယ်မြေသစ်များ တည်ဆောက်သွားရန် ရည်ရွယ်ပါကြောင်း၊ အဆိုပါ
စက်မှုနယ်မြေ များအား အတွေ့အကြုံရှိသည့် ရင်းနှီးတည်ဆောက်မှုများ၊ လုပ်ငန်း ဆောင်ရွက်သူများမှ
ဖော်ထုတ်စီမံခန့်ခွဲရန် လိုအပ်ပါကြောင်း၊ သို့မှသာ အရည် အသွေးမီ အခြေခံအဆောက်အအုံများ
ရရှိနိုင်မှုကို အာမခံချက်ပေးနိုင်မည်
ဖြစ်ပါကြောင်း။
လျှပ်စစ်ဓာတ်အားအသုံးပြုမှု နည်းပါးပြီး
စက်မှုစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ဝန်ထုပ်ဝန်ပိုးလည်း မရှိ သလောက် လျှော့ချနိုင်ပြီး
ကျွမ်းကျင်မှု အထူးမလိုသော လုပ်သားစူးစိုက် အသုံးပြုရသည့် စက်ရုံများကို ဦးစားပေး ထူထောင်သွားရန်ဖြစ်ပါကြောင်း၊
သို့မှသာ ပြည်သူများအတွက် အလုပ် အကိုင်နှင့် ဝင်ငွေဖန်တီးပေးနိုင်မည့် လွယ်ကူ ရိုးရှင်းသည့်
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အလျင်အမြန်ရုပ်လုံး ပေါ်လာမည်ဖြစ်ကြောင်း၊ စက်မှု ရင်းနှီးတည်ဆောက်သူများအား
အခြေခံ အဓိကစီမံကိန်းပုံစံ၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု၊ ဈေးကွက် ဖော်ဆောင်ရေး အစီအစဉ်
တည်ဆောက်ရေး လုပ်ငန်းအစီအမံနှင့် အချိန်ဇယားတို့ပါဝင်သော လုပ်ငန်း အဆိုပြုလွှာ၊ အဆိုပြုလုပ်ငန်း
အတွက် ခန့်မှန်းကုန်ကျစရိတ်နှင့် ဘဏ္ဍာငွေကြေးထောက်ပံ့မှုအစီအစဉ် ပါဝင်သော ဘဏ္ဍာရေး ဆိုင်ရာအဆိုပြုလွှာများ
တင်သွင်းစေပြီး ပွင့်လင်း မြင်သာစွာ ကျွမ်းကျင်သူအဖွဲ့နှင့် စိစစ်ရွေးချယ် သွားရန်ဖြစ်ကြောင်း၊
စိစစ်ရွေးချယ်ပြီး လုပ်ငန်းဇယား အတိုင်း အကောင်အထည်ဖော်မှု ရှိ/မရှိ စောင့်ကြည့်ကြပ်မတ်သွားပြီး
သတ်မှတ်ချက်မပြည့်မီပါက လုပ်ငန်းရပ်ဆိုင်းခြင်း၊ နိုင်ငံတော်၏ နစ်နာမှု အတွက် ဥပဒေအရ
အရေးယူဆောင်ရွက် ခြင်းများကို ပြုလုပ်သွားမည်ဖြစ် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ဆွေက ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်၏ အခြေအနေနှင့် လုပ်ငန်း
ဆောင်ရွက်နိုင်မှုများ၊ မင်္ဂလာဒုံစက်မှု ဇုန်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ တိုင်း ဒေသကြီး၏
ဂျီဒီပီတွင် စက်မှုကဏ္ဍက ၃၆ ရာခိုင်နှုန်း ပါဝင်မှု အနေအထားများ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)စက်မှုဇုန်
အပိုင်း(၁)နှင့် စပ်လျဉ်းသည့်အခြေ အနေများကို ပဏာမရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး
ဦးကျော်စိုးက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ကျီစု စက်မှုဇုန်တွင်
လုပ်ငန်းရှင်များရင်းနှီး မြှုပ်နှံဆောင်ရွက်နိုင်ရန် လေလံ စနစ်ဖြင့် ဆောင်ရွက် ခဲ့မှုများကို
လည်းကောင်း၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ရန်ကုန် တိုင်းဒေသကြီး
အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင် အတွင်းရှိ စက်မှုဇုန်များ၏ တည်နေရာများ၊
စက်မှုဇုန်အလိုက် မြေကွက်များ၏ အကွက်ချအနေအထားများ၊ လည်ပတ်နေသည့် စက်ရုံများ၊ တည် ဆောက်ဆဲ
စက်ရုံများ၊ စက်မှုဇုန် အတွင်း လူနေထိုင်မှုများ၊ စက်မှုဇုန်များအတွင်း လုပ်ငန်းအကောင်
အထည် မဖော်ရသေးသည့် မြေကွက်အခြေအနေများကို လည်းကောင်းရှင်းလင်း တင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု
ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က သဘာဝ ပတ်ဝန်းကျင် မပျက်စီးရေးအပါအဝင်
နိုင်ငံတော် ရေရှည်အကျိုးစီးပွား အတွက် ရှေးရှုဆောင်ရွက်သင့်သည့် ရင်းနှီးမြှုပ်နှံမှု
ဆိုင်ရာ ကိစ္စရပ်များနှင့် ကော်မရှင်က ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည့် လုပ်ငန်းများကို
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက လွှဲပြောင်း ပေးပြီးသည့် စက်မှုဇုန်များ၊
လွှဲပြောင်းပေးရန် ကျန်ရှိနေသေးသည့် စက်မှုဇုန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က
မိမိတို့ဝန်ကြီးဌာန အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ပေးလျက်ရှိရာ
ပြည်တွင်း၌ တစ်လလျှင် အလုပ်အကိုင် သုံးသောင်းခန့်၊ ပြည်ပ၌ တစ်လလျှင် အလုပ်အကိုင် ငါးထောင်ခန့်ကို
ရှာဖွေပေးနိုင်ပါကြောင်း၊ အလုပ်အကိုင် ရှာဖွေရေးရုံးများတွင် အလုပ် လုပ်ကိုင်လိုသူ
၇၅၀၀၀ ခန့် မှတ်ပုံတင်ထားရာ အလုပ်အကိုင် ရရှိရေး ဆက်လက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
ပြည်ပနိုင်ငံများ၌ မိမိတို့ နိုင်ငံသားများ သုံးသန်းကျော် အလုပ်လုပ်ကိုင်လျက် ရှိပါကြောင်း၊
ပြည်တွင်း၌ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ပါက ၎င်းတို့ အနေဖြင့် နိုင်ငံအတွင်း
ပြန်လာမည့် အခြေအနေရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံဆောင်ရွက် လိုသည့်
ပြည်ပနိုင်ငံများမှ ကုမ္ပဏီများ၏ အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊
ဦးအောင်သန်းဦးနှင့် ဦးသိန်းအောင်တို့က စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက်
ဝန်ကြီးဌာနအလိုက် ပံ့ပိုးဖြည့်ဆည်း ပေးမှုများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌ
ဦးဆက်အောင်၊ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံ ပေးအဖွဲ့ အဖွဲ့ဝင်ဒေါက်တာဇော်ဦးနှင့်
ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် လာကြသူများက စက်မှုဇုန်တည် ဆောက်ရာတွင် ထည့်သွင်းစဉ်းစားရမည့်
အချက်များနှင့် သတိပြုသင့် သည်များကို ရှင်းလင်းတင်ပြကြပြီး စက်မှုဇုန် စီမံခန့်ခွဲရေး
ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပံ့ပိုးဖြည့်ဆည်းပေးရန်
လိုအပ်သည်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ရှင်းလင်း
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး
ညှိနှိုင်းအစည်း အဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်း လိုက်သည်။
No comments:
Post a Comment