နေပြည်တော်-ဩဂုတ်(၉)
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အိန္ဒိယသမ္မတနိုင်ငံ
ONGC Videsh Ltd. နှင့် Machinery and Solutions Co.,Ltd တို့သည် ကုန်းပိုင်း လုပ်ကွက်
PSC B 2 (ဇီးဖြူတောင်-နန်တောဒေသ)နှင့် EP 3 (သဲကုန်း-ရွှေကူဒေသ)တို့၏ ထုတ်လုပ်မှုအပေါ်
ခွဲဝေခံစားရေးစာချုပ်များ (Production Sharing Contract) ကို ဩဂုတ်(၈)ရက် ညနေ(၆)နာရီတွင်
နေပြည်တော်ရှိ မြတ်မင်္ဂလာဟိုတယ်၌ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ
စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ
စွမ်းအင် ကဏ္ဍဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ONGC Videsh Ltd.၊ Machinery
and Solutions Co.,Ltd တို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးဇေယျာအောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ရေနံ
နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် ONGC Videsh
Ltd.မှ Dr. Anil Bhadari တို့က နှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ဆက်လက်၍ နှစ်ဖက်သဘောတူစာချုပ်များကို ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊
ONGC Videsh Ltd. မှ Dr. Anil Bhadari နှင့် Machinery and Solutions Co.,Ltd မှ မန်နေဂျင်း
ဒါရိုက်တာ ဦးအောင်ရဲစိုး တို့က လက်မှတ်ရေးထိုးကာ စာချုပ်ကို အပြန်အလှန်လဲလှယ်ကြသည်။
ယခုလက်မှတ်ရေးထိုးခြင်းသည် ၂၀၁၃ ခုနှစ် ဒုတိယအကြိမ် ကုန်းပိုင်းလုပ်ကွက်များ
အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုတွင် စတုတ္ထအကြိမ်မြောက်
လက်မှတ်ရေးထိုး ချုပ်ဆိုခြင်းဖြစ်သည်။
အဆိုပါ စာချုပ်လက်မှတ်ရေးထိုးခြင်းမှ Signature Bonus အမေရိကန်ဒေါ်လာ (၃ ဒသမ ၅)သန်း
ရရှိမည်ဖြစ်သည်။ နိုင်ငံခြားရေနံ ကုမ္ပဏီများအနေဖြင့် ပတ်ဝန်းကျင်ထိခိုက်မှု/ လူမှုရေး
ထိခိုက်မှုဆန်းစစ် လေ့လာခြင်း လုပ်ငန်းများ (EIA/SIA) ကို သက်ဆိုင်ရာတိုင်းဒေသကြီးများရှိ
လုပ်ကွက်ဒေသများ၌ စတင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ နောက်ပိုင်းတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို
တိုင်းဒေသကြီးများနှင့် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment