Tuesday, August 12, 2014

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင် မြန်မာနိုင်ငံဆေးပညာရှင် အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီးစစ်ဆေး


နေပြည်တော်-ဩဂုတ် ၁၂

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်သည် ဩဂုတ်(၈)ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံရာ အဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာနေဝင်းက အဖွဲ့၏ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့သည် ဆေးပညာလောက၏ အတွေ့အကြုံများစွာ ရှိသည့် ဆေးပညာရှင်ကြီးများဖြင့် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာအဆင့်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အကြံဉာဏ်များကို ဆရာကြီး၊ ဆရာမကြီးများထံမှ အကူအညီများရယူလို ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား သက်ဆိုင်ရာရုံးများသို့ သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အစီအစဉ်များ၊ ပြုပြင်ပြောင်းလဲရန်လိုအပ်သည့်အချက်များ၊ နိုင်ငံအကျိုးအတွက်၊ ဆေးပညာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များအား ဘွဲ့ထူးဂုဏ်ထူးများပေးနိုင်ရန်ကိစ္စ များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။    
ဩဂုတ်(၁၀)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးက အထူးကုဌာနများအလိုက် ကုသမှုလုပ်ငန်းဆောင်ရွက် မှုများ၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် လိုအပ်ချက်များကိုတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက အထူးကုဆေးရုံကြီး၏ အင်္ဂါရပ်နှင့်အညီ ပြည့်စုံမှုရှိ မရှိ ပြန်လည်သုံးသပ်ပြီး ပြုပြင်ဆောင်ရွက်ရန်ရှိသည်များ၊ လိုအပ်သည်များကို ညှိနှိုင်းတိုင်ပင် ဆွေးနွေးကြရန် ဖြစ်ကြောင်းနှင့် ကုသရေး၊ သင်ကြားရေး၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုဌာနများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် နိုင်ငံတကာအဆင့်မီ အထူးကုဆေးရုံကြီးအဖြစ် အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းနောက် ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်း၊ အသည်းနှင့် သည်းခြေလမ်းကြောင်း ခွဲစိတ်ကုပညာဌာနတို့ကို ကြည့်ရှုစစ်ဆေးပြီး လူနာများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကုန်သည်/ စက်မှုအသင်းချုပ်ရှိ ပုဂ္ဂလိကဆေးရုံများ အသင်း အစည်းအဝေးခန်းမ၌ ပုဂ္ဂလိက အထူးကုဆေးရုံများမှ တာဝန်ရှိသူများအားတွေ့ဆုံရာ တာဝန်ရှိသူများက မိမိတို့ဆေးရုံများအလိုက် ကုသမှုလုပ်ငန်း ဆောင်ရွက်ချက်များကို တင်ပြကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ပုဂ္ဂလိကဆေးရုံများအနေဖြင့် သတ်မှတ် ထားသော စည်းမျဉ်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်မညစ်ညမ်းစေရေးနှင့် ရောဂါကူးစက်မှု မရှိစေရေး ဆောင်ရွက်ရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ အရန်အင်အားများ အဖြစ်ခံယူကာ နိုင်ငံတကာအဆင့်မီ ကုသမှုများ ဖြစ်ရေးဆောင်ရွက်ရန်၊ ပြည်သူလူထု သက်သာချောင်ချိရေးအတွက် တစ်တပ်တစ်အား ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ရန်နှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကျန်းမာရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment