သထုံ သြဂုတ်
၅
မွန်ပြည်နယ်၊
သထုံမြို့နယ်၊ သုဝဏ္ဏ၀တီမြို့တွင် သြဂုတ်လ ၅ ရက်နေ့က မိုးများပြီး တောင်ကျရေများ စီးဆင်း
လာသောကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်း ၆ ဖာလုံခန့်နှင့် ကျိုက္ကော်၊ သိမ်ဆိမ်နှင့်
တောင်ကြား ရပ်ကွက်တို့မှ လူနေအိမ်များ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သောကြောင့်
ဒေသခံများ
ရေဘေးဒုက္ခကြုံတွေ့နေရပြီး ခရီးသွား ပြည်သူများ အခက်အခဲ ဖြစ်ပေါ်လျက် ရှိကြောင်း တွေ့ရှိရသည်။
“နံနက် ၉ နာရီလောက်ကစပြီး ရေတက် လာတာပါ၊ ၁၀ နာရီလောက်မှာ ရေကတအား များလာလို့ ကားလမ်း
ယာယီပိတ်ထားရတယ်။ အနိမ့်ပိုင်းက တဲအိမ်တွေက ခေါင်မိုးလောက်ဘဲ ပေါ်တော့တယ်။ ကားလမ်းပေါ်မှာတင်
ရေက အမြင့် ၅ ပေ လောက်တက်လာပြီ” ဟု ကျိုက္ကော် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။
“ကျွန်မအသက်
၆၀ လောက်ရှိပြီ၊ တစ်ခါမှ ဒီလောက်ရေကြီးတာ မဖြစ်ဖူးသေးဘူး။ နာဂစ်မုန်တိုင်း အချိန်က
တောင် ဒီလောက် ရေမကြီးခဲ့ဘူး။ တောင်ကျရေကများပြီး အောက်မှာရှိတဲ့ ချောင်းတွေက ရေမဆွဲနိုင်တော့
ခုလို ရေတဖြည်းဖြည်း များလာတာလို့ ထင်ပါတယ်” ဟု ရေနစ်မြုပ်ဒဏ် ခံရသူတစ်ဦးက ဆိုသည်။
ရေနစ်မြုပ်မှုဒဏ် ခံနေရသူများအား သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်
ဦးဆောင်သော အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ လူမှုရေး အသင်း အဖွဲ့များနှင့် ဒေသခံ ကူညီကယ်ဆယ်ရေး
အဖွဲ့များတို့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပြီး ရေဘေးသင့်
အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေပြောင်း ပေးခဲ့ကြသည်။
“ရေတွေဝိုင်းနေတဲ့
အိမ်၊ ကျောင်းတွေမှာ ပိတ်မိနေသူတွေကို လိုက်လံရှာဖွေပြီး ကြိုးစားကယ်ဆယ်ရတာ အချို့
နေရာတွေမှာ ရေစီးကသန်တော့ အရမ်းခက်ခဲပါတယ်။ ရေက ဘယ်အချိန်ထိဆက်ပြီး ကြီးမလဲမသိတော့
ဒီဒုက္ခသည်တွေ အတွက် ရိက္ခာ၊ အ၀တ်အထည်နဲ့ ဆေးဝါး နောက်ပြီး အဓိကကတော့ ရေကောင်းရေသန့်
တွေရရှိဖို့ လိုအပ်ပါတယ်။” ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။
အဆိုပါ
ရေဘေးဒဏ် ခံနေရ သူများအား ကျိုက္ကော် အထက်တန်း ကျောင်းတွင် အရေးပေါ် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကာ
မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ လိုအပ်သူများအား အရေးပေါ် ကျန်းမာရေးစစ်ဆေး ကုသပေးပြီး
သထုံမြို့နယ် အတွင်းမှ စေတနာရှင်များက အစားအစာ၊ ရေနှင့် အ၀တ်အထည်များကို လိုက်လံ လှူဒါန်းပေးလျက်
ရှိကြောင်း သိရသည်။
No comments:
Post a Comment