Wednesday, August 27, 2014

ကျေးရွာပြည်သူများနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်




နေပြည်တော်-ဩဂုတ် ၂၆

သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ တိုင်းဒေသကြီးအစိုးရ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစောမြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဩဂုတ် (၂၄)ရက် မွန်းလွဲ (၂)နာရီတွင် ကျေးနင်းကြီး ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအရှေ့ ကျောင်း၌ ကျင်းပပြုလုပ်သည့် မြောက်ယမားလက်ယာ လက်တံ (တိုးချဲ့) ရေသောက်စခန်း စနစ်စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပုလဲဒေသ ပြည်သူများအနေဖြင့် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်နေရပြီး မိုးခေါင်သောနှစ်များတွင် ရေကိုလုံလောက်စွာ မရရှိပါက မိုးသီးနှံ၊ ဆောင်သီးနှံ တံစဉ်လွတ် ဆုံးရှုံးရပြီး ဘ၀ကိုခက်ခဲစွာ ရပ်တည်နေရပါကြောင်း၊ မိုးရေကို ချည်းအားကိုး၍ မရနိုင်ဘဲရွာလာသော မိုးရေကို ဆည်အတွင်းသိုလှောင်ပြီး ဆည်ရေပါ ပူးတွဲအသုံးချစိုက်ပျိုးမှသာလျှင် အဆင်ပြေလာနိုင်မည် ဖြစ်ကြောင်း၊ သို့သော် အများစုမှာ ဆည်ရေမရရှိသေးသည့်အတွက် ပုလဲမြို့နယ် အလယ်ပိုင်းကျေးရွာများမှ လယ်ယာဧက (၉၀၀၀) ကို ရေပေးဝေနိုင်ရန် မြောက်ယမားလက်ယာလက်တံကို ၂၀၁၁ ခုနှစ်တွင် ထပ်မံတူးဖော် အကောင်အထည်ဖော် ခဲ့ကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်း ရပ်တန့်သွားခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ မြောက်ယမား လက်ယာလက်တံကို ဆက်လက်တူးဖော်မည် ဖြစ်သောကြောင့် လယ်သမားများ အတွက် နောက်ထပ်ဧက (၉၀၀၀)ဆည်ရေ ထပ်မံရရှိနိုင်တော့မည်ဖြစ်ကြောင်း၊ ထို့အတူ လယ်ယာလက်တံ၏ တောင်ဘက်ခြမ်းရှိ အမြင့်ပိုင်းလယ်ယာများ ရေရနိုင်ရေးအတွက်လည်း လက်ယာမြောင်းမှတစ်ဆင့် လက်တံတို များ တူးဖော်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် မြောက်ယမား ပင်မလက်တံမြောင်းနှင့် လက်ဝဲလက်တံမြောင်းမှ ရေပေးဝေနိုင်သော လယ်ယာဧကများ ထပ်မံတိုးချဲ့ ပေးဝေနိုင်ရေး အတွက်လည်း ကွင်းဆင်းလေ့လာ၍ ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မြောက်ယမား ဆည်အပေါ်ဘက်ရှိ ဆပ်သာ(ဆပ်သာ)ချောင်းတွင်လည်း ရေကူရေလှောင်တမံ တစ်ခု ထပ်မံတည်ဆောက်ရန် ဖြစ်နိုင်ချေ လေ့လာတွက်ချက်ပြီး ဆောင်ရွက်သွားရန်ရှိ ကြောင်း။

ထိုသို့ ဆောင်ရွက်နိုင်ပါက မုံရွာ-ပုလဲကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ ပုလဲနှင့် ယင်းမာပင်မြို့နယ်များမှ လယ်ယာများကိုပါ တိုးချဲ့ရေပေးဝေနိုင်မည် ဖြစ်သည့်အတွက် ပုလဲတစ်မြို့နယ်လုံးနီးပါး ဆည်ရေရရှိပြီး ဖွံ့ဖြိုးတိုးတက် လာနိုင်မည် ဖြစ်ကြောင်း၊ မိုးရေကို အားကိုး၍ ငွေတစ်လှည့်၊ ကြေးတစ်လှည့်ဘ၀မှ အမြဲတမ်းစိုက်ပျိုး ဖြစ်ထွန်းနိုင်မည့် ရွှေတစ်လှည့်ဘ၀သို့ တက်လှမ်းနိုင်တော့မည်ဖြစ်ကြောင်း၊ သို့ပါ၍ ပြည်သူများကလည်း နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင်နှင့် မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် အောင် ပူးပေါင်းကြိုးစား ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပြောကြားရာတွင် ဤစီမံကိန်းကြီးကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်ကစပြီး ဆောင်ရွက်ခဲ့ကြောင်း၊ မိုင်ပေါင်း(၈ ဒသမ ၂၄) မိုင်ကို ဆည်ရေသောက်စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေလက်တံများကို ဖောက်ရန်အတွက် ကျပ်သန်းပေါင်း (၄၅၀၀)ကုန်ကျခံပြီး ဧက (၉၀၀၀) ရေပေးဝေနိုင်မည်ဖြစ်ပြီး သီးထပ် သီးညှပ်များ စိုက်ပျိုးလာနိုင်မည် ဖြစ်ကြောင်း၊ တစ်နှစ်လျှင် နှစ်သီး၊ သုံးသီး စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ ငွေကို မလို၊ ရေကိုသာလိုသည့် ဒေသဖြစ်သည့်အတွက် ရေရှိရေးကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး ဒေသခံတောင်သူများကိုယ်စား တောင်သူကြီး ဦးကြည်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။


ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသော ကျေးရွာ(၁၁)ရွာမှ ဒေသခံပြည်သူ (၁၂၀၀) ကျော်တို့တွက် စပါးအထွက်တိုး အားတိုးဆေး (၅၀၀)ဂရမ်ပါ (၂၂၀) ထုပ်၊ ဝါအထွက်တိုး အားတိုးဆေး (၅၀၀)ဂရမ်ပါ (၂၂၀)ထုပ်၊ စပ်နေကြာမျိုးစေ့ ဧက(၁၀၀)အတွက် (၃)ကီလိုပါ (၁၀၀)ထုပ်နှင့် ကျေးရွာစာကြည့်တိုက်များအတွက် သုတ၊ ရသစာအုပ် (၅၅၀) အုပ်တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment