Wednesday, August 27, 2014

(၄၆) ကြိမ်မြောက် အာဆီယံ စီးပွားရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများမှ ပူးတွဲ ကြေညာချက်များ ထုတ်ပြန်

နေပြည်တော် သြဂုတ် ၂၆
ယနေ့ ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ အပြီးတွင် ပူးတွဲ ကြေညာချက် (၅) စောင်ကို ထုတ်ပြန် ကြေညာခဲ့သည်။

(၁၃)ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲ ကြေညာချက်တွင် အာဆီယံ၏ အကြီးမားဆုံးသော ကုန်သွယ်မှုနိုင်ငံအဖြစ် တရုတ်နိုင်ငံ ဆက်လက် တည်ရှိမှုအပေါ် ကျေနပ် ဝမ်းမြောက်ကြကြောင်း၊ ၂၀၁၃ ခုနှစ် အကုန်၌ တရုတ်နှင့် အာဆီယံ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၃၅၀ ဒသမ ၅ ဘီလီယံရှိကာ အာဆီယံ၏ စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ (၁၄) ရာခိုင်နှုန်းရှိသဖြင့် နှစ်အလိုက် ၉ ဒသမ ၇ ရာခိုင်နှုန်း မြင့်လာကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အာဆီယံက တရုတ်နိုင်ငံထံမှ တိုက်ရိုက် ပြည်ပရင်းနှီးမြှုပ်နှံမှု (FDI)ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံ ရရှိခဲ့သဖြင့် နှစ်အလိုက် ၆၀ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာပြီး ယင်းပမာဏမှာ အာဆီယံ အတွင်း စုစုပေါင်းစီးဆင်းမှု၏ ၇ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း၊ စီးပွားရေး ဝန်ကြီးများက အာဆီယံ ခေါင်းဆောင်များ ကြေညာထားသည့် အတိုင်း ၂၀၁၅ ခုနှစ်အကုန်တွင် ပူးတွဲရည်မှန်းချက် ဖြစ်သော ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅၀၀ ဘီလီယံ ပြည့်မီရေး အတွက် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ ဆုံးဖြတ်ချက်ကို ထပ်လောင်း အတည်ပြုခဲ့ကြကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။
အကြိမ်(၂၀)မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်တွင် ၂၀၁၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ အာဆီယံနိုင်ငံများသို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉ ဘီလီယံရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၁၈ ဒသမ ၇ ရှိခဲ့ပြီး အာဆီယံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒုတိယ အများဆုံး ဖြစ်ကြောင်း။ အာဆီယံ စီးပွားရေး ဝန်ကြီးများသည် ဂျပန်နိုင်ငံ စက်မှုလက်မှု အသင်းချုပ်၏ ဒေသတွင်း အရေးပါသည့် စီးပွားရေး မြင့်တက်စေမည့် တောင်းဆိုမှု၊ အာဆီယံ အဆင့်မြင့် အဝေးပြေး လမ်းမကြီး တည်ဆောက်မှု၊ နယ်စပ်ဖြတ်ကျော် အထူးစီးပွားရေးဇုန် တည်ဆောက်မှု၊ လုံခြုံစိတ်ချရသော စွမ်းအင် ထောက်ပံ့မှု၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးမှုနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုတို့ကို အသိအမှတ်ပြုကြောင်း၊ အာဆီယံ ဝန်ကြီးများသည် ကျယ်ပြန့်လေးနက်သည့် ကုန်စည် ကုန်သွယ်မှု၊ ဝန်ဆောင်မှု ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုခဲ့ကြောင်း၊ အာဆီယံစီးပွားရေး ဝန်ကြီးများသည် ကုန်စည်ခွန်များ ဖြေလျှော့ရေး အစီအစဉ်များကို ဟန်ချက်ညီ စနစ်အဖြစ် ပြောင်းလဲရန် လမ်းညွှန်ချက်များကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။
(၁၁)ကြိမ်မြောက် အာဆီယံ- ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲ ကြေညာချက်တွင် ကိုရီးယားနိုင်ငံမှ အာဆီယံသို့ တင်ပို့မှုသည် ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၂ ဘီလီယံထိ ရှိကြောင်း၊ အာဆီယံမှ ကိုရီးယားသို့ တင်ပို့မှုသည် လေးရာခိုင်နှုန်းကျဆင်းလာကာ အမေရိကန် ဒေါ်လာ ၅၂ ဒသမ ၈ ဘီလီယံထိသာ ရှိကြောင်း၊ ကိုရီးယားမှ အာဆီယံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံမှ ၂၀၁၃ ခုနှစ်တွင် ၃ ဒသမ ၅ ဘီလီယံထိ နှစ်ဆမြင့်တက်လာခဲ့ပြီး ကိုရီးယားသည် အာဆီယံ၏ ပဉ္စမအကြီးမားဆုံး နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။
(၁၇) ကြိမ်မြောက် အာဆီယံနှင့် ဆွေးနွေးဖက် သုံးနိုင်ငံ စီးပွားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲ ကြေညာချက်တွင် ၂၀၁၃ ခုနှစ် အတွင်း မဟာမိတ်သုံးနိုင်ငံနှင့် အာဆီယံ စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၇၂၆ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၈ ဒသမ ၉ ရှိခဲ့ကြောင်း၊ ထို့အတူ အာဆီယံသည် မဟာမိတ်နိုင်ငံများမှ သွင်းကုန် ပမာဏမှာ ၂ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ အာဆီယံ၏မဟာမိတ်နိုင်ငံများသို့ သွင်းကုန်ပမာဏသည် ၁ ဒသမ ၅ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ကြောင်း၊ အာဆီယံမှ မိတ်ဖက်နိုင်ငံများသို့ စုစုပေါင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံ စီးဆင်းမှုသည် အမေရိကန် ဒေါ်လာ ၅၆ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခင်နှစ်ထက် ၉ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။

(၁၉)ကြိမ်မြောက် အာဆီယံ- သြစတြေးလျနှင့် နယူးဇီလန် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏  ပူးတွဲ ကြေညာချက်တွင် အာဆီယံ- ဩစတြေးလျ- နယူးဇီလန် ကုန်သွယ်မှု ကင်းလွတ်ခွင့်ဒေသ သဘောတူ စာချုပ်အား ပြင်ဆင်သည့် အခြေပြစာချုပ်ငယ် လက်မှတ် ရေးထိုးမှုကို အာဆီယံ စီးပွားရေးဝန်ကြီးများ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ပထမဆုံး စာချုပ်ငယ်သည် အာဆီယံ- ဩစတြေးလျ- နယူးဇီလန် ကုန်သွယ်မှု ကင်းလွတ်ခွင့်ဒေသကို ပို၍ စီးပွားရေးဆိုင်ရာ ပွင့်လင်း မြင်သာမှု၊ ထင်သာ မြင်သာရှိမှုနှင့် အကျိုးရှိရှိ စီမံခန့်ခွဲနိုင်မှုတို့ကို ပြုလုပ်ရန် ရည်ရွယ်ကြောင်း၊ စီးပွားရေး ဝန်ကြီးများသည် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲ ကော်မတီ၏ ၂၀၁၅ အလွန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ရလဒ်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုကို ဦးတည်သည့် စီမံကိန်းများအား အနီးကပ် စောင့်ကြည့်မှုကို မျှော်လင့်ကြောင်း၊ ထို့ပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် ကျွမ်းကျင် လုပ်သားများ လွတ်လပ်စွာ လုပ်ကိုင်နိုင်ရန် ခြေလှမ်းသစ် တစ်ရပ်ကို ဖော်ဆောင်နိုင်ရန် မျှော်မှန်းကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။

No comments:

Post a Comment