Tuesday, August 26, 2014

ရာသီဥတု ဆိုးရွားသော်လည်း ပုပ္ပါးတောင်မကြီးသို့ မိတ္ထီလာတက္ကသိုလ် ခြေလျင်တောင်တက် အသင်းသားများ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့

မိတ္ထီလာ ဩဂုတ် ၂၆
မိုးတွင်းကာလဖြစ်၍ ရာသီဥတု ဆိုးရွားသော်လည်း ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၄၉၈၁ မြင့်မားသည့် ပုပ္ပါးတောင်မကြီးသို့ ဩဂုတ် ၂၃ နံနက် ၁၁ နာရီက မိတ္ထီလာ တက္ကသိုလ် ခြေလျင်တောင်တက် အသင်းသားများ အောင်မြင်စွာ တက်ရောက်နိုင်ကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ် ခြေလျင်တောင်တက်အသင်း ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ပါမောက္ခ (ဘူမိဗေဒဌာနမှူး) ဦးဆောင်သည့် မိတ္ထီလာတက္ကသိုလ် ခြေလျင်တောင်တက်အသင်းသား အသင်းသူ ၁၈၇ဦးသည် ပုပ္ပါးတောင်မကြီးသို့ နံနက် ၉ နာရီက စတင်တက်ရောက်ခဲ့ပြီး တောင်တက်ရာ လမ်းတစ်လျှောက် မိုးနှင်းများကျရောက်မှု ၊ လမ်းခရီး ကြမ်းတမ်းမှု စသည့် အခက်အခဲများကြားမှ ခြေလျင်တောင်တက်အသင်းတွင် ပါဝင်သည့် ဆရာဆရာမ ၃၀ ဦး၊ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူ ၁၅၇ ဦးတို့၏ ဇွဲလုံ့လရှိမှု၊အချင်းချင်း ရိုင်းပင်းကူညီ စောင့်ရှောက်မှု၊ ရည်မှန်းချက်ထားရှိမှု များနှင့်အတူ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါတက္ကသိုလ် ခြေလျင်တောင်တက် အသင်း ဥက္ကဋ္ဌဒေါက်တာဌေးအောင်က ပြောသည်။
ကျွန်တော်တို့ တက္ကသိုလ်ခြေလျင်တောင်တက် အသင်းသားတွေ ပုပ္ပါးတောင်မကြီးကို စမတက်မှီ တောင်ခြေက ပြည်စံအောင်ကျောင်းတိုက် ဆရာတော်ထံ ဝါဆိုသင်္ကန်းကပ်လှူတယ်။အဲဒီအချိန်တုန်းကပဲ မိုးကအုံ့နေတယ်။ ဒါပေမယ့် တောင်မကြီးကို နံနက် ၉ နာရီမှာ ခြေလျင်တောင်တက်အသင်းသားအားလုံးစတင်တက်ရောက်ခဲ့တယ်။ လမ်းသစ်ကတက်တာဖြစ်ပါတယ်။
အချို့နေရာတွေမှာ စိမ့်တောတွေကို ဖြတ်ကျော်ရတယ်။ အချို့နေရာတွေမှာ မြင့်မားမတ်စောက်တဲ့ တောင်ကမ်းပါးယံ တွေကို ဖြတ်ကျော်ရတယ်။ မိုးနှင်းကျပြီး ရာသီဥတုဆိုးရွားတာတွေ၊ လမ်းခရီး ကြမ်းတမ်းတာတွေကို ခြေလျင်တောင် တက်အသင်းမှာ ပါဝင်တဲ့ဆရာဆရာမ၊ ကျောင်းသားကျောင်းသူ အားလုံးရဲ့ ဇွဲလုံ့လ၊ အချင်းချင်း ရိုင်းပင်းကူညီမှု၊ စောင့်ရှောက်မှု၊ ရည်မှန်းချက် ထားရှိမှုတွေကြောင့် ပုပ္ပါးတောင်မကြီး ကို နေ့ ၁၁ နာရီမှာ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်ဟု ၎င်းက ပြောသည်။

ပုပ္ပါးတောင်မကြီးသည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြောက်ဘက် ၁၀မိုင်ခန့် အကွာတွင် တည်ရှိပြီး ယခုကဲ့သို့မိုးဥတုကာလအတွင်း တောင်မကြီး အထက်ဝန်းကျင်တွင် မိုးတိမ်မိုးသားများ အုံ့ဆိုင်း ရစ်သိုင်းနေလေ့ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment