Sunday, August 10, 2014

(၇) ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ဝန်ကြီးအဆင့် အစည်းဝေးနှင့် (၄) ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း မိတ်ဆွေများဝန်ကြီးအဆင့် အစည်းအဝေးများကျင်းပ



နေပြည်တော် ဩဂုတ် ၉
(၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် တစ်ဆက်တစ်စပ်တည်း ပြုလုပ် သည့် (၇) ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ဝန်ကြီးအဆင့် အစည်းအဝေးနှင့် (၄) ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း မိတ်ဆွေများဝန်ကြီးအဆင့် အစည်းအဝေးတို့ကို ယနေ့ ညနေပိုင်းနှင့် ညပိုင်းတို့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးများကို ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီတို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ယင်းအစည်းအဝေးများသို့ မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများဖွံ့ဖြိုးတိုးတက်ရေးနှင့် မဲခေါင်မြစ်အောက်ပိုင်း မိတ်ဆွေများ အစီအစဉ်တွင် ပါဝင်သည့်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဥရောပသမဂ္ဂ၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့်ကမ္ဘာ့ဘဏ်တို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးများတွင် နိုင်ငံ ခြားရေးဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ ဥရောပသမဂ္ဂ၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့မှ အဆင့်မြင့်ကိုယ်စားလှယ်များက အာဆီယံစီးပွားရေး အသိုက်အဝန်းကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်နိုင်ရန်အတွက် အထောက်အကူပြုစေမည့် မဲခေါင်ဒေသအနာဂတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြ ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်တို့က အာဆီယံဒေသဆိုင်ရာ ဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေကြသည့် အာဆီယံဒေသဆိုင်ရာ ဖိုရမ်အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့်ဇနီးများ၊ တူရကီနိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဇနီးများအား မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

No comments:

Post a Comment