မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဩဂုတ် ၈ ရက်မှစတင်၍
နေပြည်တော်တွင် လက်ခံကျင်းပလျက်ရှိသည့် (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
တက်ရောက်မည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ခရီးစဉ်အတွက် ဇူလိုင် ၃၀ ရက်က အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ် ၇၀ က မြန်မာနိုင်ငံ၏
လက်ရှိအခြေအနေများသည် မြန်မာ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သောကြောင့်
မြန်မာနိုင်ငံအား ဖိအားပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား တိုက်တွန်းတောင်း ဆိုခဲ့ကြသည်။
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံ အပေါ် ထားသည့် နိုင်ငံခြားရေးမူဝါဒနှင့် အမေရိကန် ကွန်ဂရက်လွှတ်တော်
အမတ် ၇၀ ကျော်က တောင်းဆိုထားသည့် မြန်မာနိုင်ငံအပေါ် သဘောထားများနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီး
ဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်အား ယနေ့မွန်းလွဲပိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ
(ပထမနေ့) အစည်းအဝေးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားများက
မေးခွန်း ထုတ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အမေရိကန်နိုင်ငံ
အနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် နိုင်ငံခြားရေး မူဝါဒသည် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒကို
အသိအမှတ်ပြုလက်ခံပြီး အကူအညီပေးနေခြင်းအတွက် ကျေနပ်အားရမှု ရှိကြောင်း၊ အမေရိကန်ကွန်ဂရက်
အတွင်းတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများ
ရှိနေသည်ဟု သိရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အမေရိကန်ဘက်မှ ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မှုများ
ပြေပျောက်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအား
ပကတိအခြေအနေမှန်များကို ရှင်းပြသွားမည်ဖြစ်ပြီး အမေရိကန်လွှတ်တော် အမတ်များ ထံမှ သိရှိလိုသည်များကိုလည်း
မြန်မာနိုင်ငံအနေဖြင့် ရှင်းပြသွားရန် အသင့်ရှိ ကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့အစိုးရ တာဝန်ယူခဲ့တဲ့ သုံးနှစ်တာကာလ
အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အောင် မြင်မှုအများအပြား ရရှိခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ကလည်း ကြုံတွေ့နေရတဲ့ ပြဿနာအားလုံးကို သုံးနှစ်တာ အချိန်ကာလလေးနဲ့
အားလုံးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာကို တစ်ဖက်ကလည်း နားလည်ဖို့လိုပါတယ်။
အမေရိကန်လို နိုင်ငံမျိုးမှာလည်း လူဝင်မှုကြီးကြပ်ရေး
ဆိုင်ရာ ပြဿနာတွေ၊ အမေရိကန်တောင်ပိုင်းပြည်နယ် တွေမှာဆိုရင် ကလေး လုပ်သား ပြဿနာတွေနဲ့
ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတွေရဲ့ ဝေဖန်မှုတွေကို ခံနေရဆဲပါ။ ဒါကြောင့်
မြန်မာအပေါ်မှာ ၁၉၄၈ မတိုင်ခင်ကတည်းက ရှိနေတဲ့ ပြဿနာ အားလုံးကို သုံးနှစ်တာ အတောအတွင်းမှာ
တစ်ချိန် တည်းမှာ ဖြေရှင်းဖို့ တောင်းဆိုတာဟာ မျှတပါရဲ့လား။ ကွန်ဂရက်က လွှတ်တော်ကိုယ်စားလှယ်တွေ
အနေနဲ့လည်း မြန်မာနို င်ငံရဲ့ အခြေ အနေမှန်ကို ပိုမိုနားလည် သင့်ပါတယ်။ ကျွန်တော်တို့အပေါ်ကို
အပြစ်တင်မှုတွေ ပြုလုပ်နေမယ့်အစား ပြဿနာတွေကို ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတဲ့ အဖြေကို
ပြည်သူတွေအတွက် ကူညီရှာဖွေပေးသင့်ပါတယ်” ဟု အမေရိကန် နိုင်ငံ၏ စိုးရိမ်နေမှုအပေါ် ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်က ဆက်လက်ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ် ရီသည် ဩဂုတ်
၈ ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက် ရှိလာပြီး အာဆီယံ အမေရိကန်ဝန်ကြီးအဆင့် အစည်းအဝေး၊
(၇)ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း အစီအမံ ဝန်ကြီးအဆင့် အစည်းအဝေး၊ မဲခေါင်မြစ်အောက်ပိုင်း
အစီအမံ၏ မိတ်ဆွေများ ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်၊ (၄)ကြိမ်မြောက်
အရှေ့အာရှ ထိပ်သီးအစည်းအဝေး ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်မည်ဖြစ်သည်။
No comments:
Post a Comment