Wednesday, August 27, 2014

နယ်သာလန်နိုင်ငံမှ ပညာရှင်အဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်အား တွေ့ဆုံ

နေပြည်တော်-ဩဂုတ် ၂၇
ဩဂုတ်(၂၅)ရက် နံနက်(၁၁)နာရီခွဲက နယ်သာလန်နိုင်ငံ ရေအရင်းအမြစ် ကဏ္ဍအမျိုးသားအဆင့် ကျွမ်းကျင် ပညာရှင် (အငြိမ်းစား စိုက်ပျိုးရေးဝန်ကြီး) Dr. Cees Veerman နှင့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Joan Boo တို့ပါဝင်သော ပညာရှင်အဖွဲ့သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များအား တွေ့ဆုံသည်။


တွေ့ဆုံရာတွင် နယ်သာလန်နိုင်ငံ သံအမတ်ကြီးနှင့် နယ်သာလန်နိုင်ငံ ရေအရင်းအမြစ်ကဏ္ဍ အမျိုးသား အဆင့် ကျွမ်းကျင်ပညာရှင် (အငြိမ်းစား စိုက်ပျိုးရေးဝန်ကြီး)တို့က မြန်မာနိုင်ငံ၏ ရေသယံဇာတ မြေသယံဇာတ ကြွယ်ဝမှု အခြေအနေအရ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာ ရှိနေကြောင်း၊ နယ်သာလန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ရေ အရင်း အမြစ်များ၊ မြစ်ချောင်း များဖွံ့ဖြိုးတိုးတက် ရေးနှင့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို နည်းပညာနှင့် အထောက် အပံ့အကူ အညီများ ပံ့ပိုးကူညီ ဆောင်ရွက်သွားလို ပါကြောင်း၊ မြန်မာ ဘက်မှ နယ်ပယ်အလိုက် လိုအပ်သည်များကို သိရှိလို ပါကြောင်း ဆွေးနွေးပြောကြား ကြသည်။
ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နယ်သာလန်နိုင်ငံသည် နိုင်ငံငယ်တစ်ခု ဖြစ်သော်လည်း သဘာဝရေအရင်း အမြစ်နှင့် သဘာဝမြေ သယံဇာကို အထိရောက်ဆုံး အကျိုးရှိဆုံးအသုံးပြု ခြင်းဖြင့် ဥရောပတိုက် ဈေးကွက်၏ စားရေရိက္ခာ လိုအပ်ချက်ကို အဓိကတင်ပို့ရောင်းချဖြည့် တင်းပေးနေသော နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက် ဂုဏ်ယူဖွယ် ရာဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံလိုသူ များကို ဖိတ်ခေါ်ပါကြောင်း။
နယ်သာလန်နိုင်ငံ၏ ဥရောပအပါအဝင် ဈေးကွက်ရရှိထားမှု ဈေးကွက်ခိုင်မာမှုအခြေအနေအပေါ်တွင် မြန်မာ့လယ်ယာ ထွက်ကုန်များကို နယ်သာလန်နိုင်ငံနှင့်အတူ ပူးပေါင်းထုတ်လုပ်ပြီး ဈေးကွက်လိုအပ်ချက် ရှိသော နိုင်ငံများသို့ တင်ပို့ရောင်းချခြင်း အားဖြင့် နှစ်နိုင်ငံအကြား Win-Win အပြန်အလှန် အကျိုးကျေးဇူး ရရှိစေနိုင်မည် ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ရရှိလာရေး နှစ်ဖက်နီးနီးကပ်ကပ် ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော် ကြရန် တိုက်တွန်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment