ရန်ကုန်-ဩဂုတ်
၈
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပသော
ပဉ္စမအကြိမ်မြောက် အာဆီယံတိုင်းရင်းဆေးညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင်
ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်၌ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး
ဒေါတ်တာ သန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် သိပ္ပံပညာ မထွန်းကာမီကာလများတွင် ကမ္ဘာ့လူမျိုး အသီးသီးတို့သည်
သက်ဆိုင်ရာ တိုင်းရင်း ဆေးပညာဖြင့်သာ ကျန်းမာသန်စွမ်း ကြီးပြင်းလာခဲ့ကြကြောင်း၊ ထို့ကြောင့်
ကမ္ဘာ့နိုင်ငံများနှင့် လူမျိုးအသီးသီး တို့တွင် ကိုယ်ပိုင်ရိုးရာတိုင်းရင်းဆေးပညာများရှိခဲ့ကြကြောင်း။
အနောက်တိုင်းဆေးပညာ၏ စွမ်းဆောင်မှုကြီးမားခြင်းကြောင့်
အချို့သောလူမျိုးများ၏ ရိုးရာတိုင်းရင်း ဆေးပညာများ မှေးမှိန်ခဲ့ ရကြောင်း၊ ဆေးသိပ္ပံပညာရပ်
တိုးတက်ဖွံ့ဖြိုးလာသော ကာလများတွင် မိမိတို့အာရှ ဒေသမှ နိုင်ငံနှင့်လူမျိုးများသည်
ဘိုးစဉ်၊ ဘောင်ဆက်တိုင်းရင်းဆေးပညာကို တစ်နည်းတစ်လမ်း ထိန်းသိမ်းမှီခိုအားထား နေဆဲဖြစ်ပါကြောင်း။
ယနေ့ခေတ်ကာလများတွင် သုတေသန ပညာရှင်များသည်
တိုင်းရင်းဆေး၏ စွမ်းအာနိသင်ကို လေ့လာမှု ပြုခဲ့ပြီး သိပ္ပံနည်းကျအထောက်အထားများဖြင့်
ခိုင်ခိုင်မာမာပြောဆိုမှုကြောင့် သဘာဝဆေးဝါးဖြစ်သည့် တိုင်းရင်း ဆေးအပေါ်တွင် မှီခိုအားထားမှုများ
တိုးတက်များပြားလာသည်ကို တွေ့နေရပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာပညာရှင်များနှင့်
တာဝန်ရှိသူများသည် တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို
ထူထောင်လုပ်ကိုင်ကြ မည်ဖြစ်ပါကြောင်း၊ တစ်ဘက်မှလည်း ရိုးရာတိုင်းရင်း ဆေးပညာဖြင့် သဘာဝတိုင်းရင်းဆေးဝါးများ၏
အစွမ်းအာနိသင်များကို သိပ္ပံနည်းကျ စည်းကမ်းတကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်
ဖြစ်ပါကြောင်း၊ ဒေသအလိုက် ရိုးရာတိုင်းရင်းဆေး ပညာ၏ သီအိုရီသဘောသဘာဝများ ကွားခြားနိုင်သော်လည်း
တိုင်းရင်းဆေးဝါး အသုံးပြုမှုတွင် သဘာဝပေးသော ဆေး ပင်၊ ရေထွက်နှင့် မြေထွက် ဆိုင်ရာ ဆေးပစ္စည်းများ
သုံးစွဲမှုတွင် အတူတူပင်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံ အလိုက် တိုင်းရင်းဆေးပညာကို
ထိန်းသိမ်း စောင့်ရှောက်ကြမည် ဆိုသည်ကို ယုံကြည်မိပါ ကြောင်း။
ယခုကဲ့သို့ အရှေ့တောင်အာရှ ဒေသတွင်းမှ
နိုင်ငံများပူးပေါင်းပြီး ရိုးရာတိုင်းရင်း ဆေးပညာဖွံ့ဖြိုးတိုးတက် မှုကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
အကျိုးကျေးဇူးများ ပိုမိုဖြစ်ထွန်းပေါ်ပေါက်လာမည်ဆိုသည်ကို ခိုင်ခိုင်မာမာ ယုံကြည်ပါကြောင်း၊
ထို့ကြောင့် အာဆီယံတိုင်းရင်းဆေးပညာဆိုသည့် ဝေါဟာရအပေါ်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအချင်းချင်း
ချစ်ခင်ရင်းနှီးစွာ လက်တွဲပူးပေါင်းမှုကို ပေါ်လွင်စေပါကြောင်း။
မြန်မာ့တိုင်းရင်းဆေးပညာကို မြန်မာနိုင်ငံ၏
ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် မည်သို့ပူးပေါင်းပါဝင် ထားသည်ကိုလည်း တင်ပြလိုပါကြောင်း၊
၁၉၈၉ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်၌ တိုင်းရင်း ဆေးပညာ ဦးစီးဌာနကို သီးခြားဖွင့်လှစ်ခဲ့ပြီး
၁၉၉၆ ခုနှစ်တွင် တိုင်းရင်းဆေးဝါးဥပဒေကို ပြဋ္ဌာန်းကာ တိုင်းရင်း ဆေးဝါးများကို မှတ်ပုံတင်နှင့်
ထုတ်လုပ်မှုလိုင်စင်များ ဥပဒေနှင့်အညီ စနစ်တကျ ထုတ်လုပ် ပေးနိုင်ခဲ့ကြောင်း၊၂၀၀၀ ပြည့်နှစ်တွင်
တိုင်းရင်းဆေးကောင်စီဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် မှတ်ပုံတင်တိုင်းရင်းဆေး
ဆရာများသည် တိုင်းရင်းဆေးရုံနှင့် ဆေးခန်းများဖွင့်လှစ်ကာ စနစ်တကျ ဆေးကုသ ခွင့်ရရှိပြီဖြစ်ပါကြောင်း၊
တစ်ဘက်တွင်လည်း မှတ်ပုံတင်တိုင်းရင်းဆေးဝါးများကို သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက် လာစေရေး
အားပေးစည်းရုံး ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ယခုညီလာခံတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်
မိတ်ဖက်(၃)နိုင်ငံဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အထူးဖိတ်ကြား ထားသည့် အခြားနိုင်ငံများမှ
တိုင်းရင်းဆေးပညာရှင်များ အာဆီယံနိုင်ငံများ၏ တိုင်းရင်း ဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက်
ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ကာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆန္ဒပြုပါကြောင်းဖြင့်
ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီး များသည် အာဆီယံနိုင်ငံ များမှ ကိုယ်စားလှယ်များနှင့်အတူ
အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
ပဉ္စမအကြိမ် အာဆီယံတိုင်းရင်းဆေးညီလာခံသို့
အာဆီယံနိုင်ငံများမှ တိုင်းရင်းဆေးဆိုင်ရာအဆင့်မြှင့် အရာရှိကြီးများ၊ တရုတ်၊ ဂျပန်၊
ကိုရီးယားသမ္မတနိုင်ငံနှင့် နီပွန်ဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးရုံးမှ
တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါ ညီလာခံတွင် အာဆီယံနိုင်ငံများမှ
ကိုယ်စားလှယ်များက မိမိတို့နိုင်ငံအလိုက် တိုင်းရင်းဆေး ဆိုင်ရာ သုတေသနတွေ့ ရှိဆောင်ရွက်ချက်များကို
စာတမ်းများဖတ်ကြားဆွေးနွေးကြမည်ဖြစ်သည်။ ညီလာခံကို ဩဂုတ် (၈)ရက်မှ (၁၁)ရက်အထိ ရန်ကုန်မြို့
ဆန်းမစ်ပတ်ဗျူး ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။
အာဆီယံတိုင်းရင်း ဆေးညီလာခံများကို ပထမအကြိမ်အဖြစ်
(၂၀၀၉)ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဒုတိယအကြိမ် အဖြစ်(၂၀၁၀)တွင် ဗီယက်နမ်နိုင်ငံ၊ တတိယအကြိမ်အဖြစ်(၂၀၁၁)တွင်
အင်ဒိုနီးရှားနိုင်ငံ၊ စတုတ္တအကြိမ်အဖြစ် (၂၀၁၂)တွင် မလေးရှားနိုင်ငံတို့၌ ကျင်းပခဲ့ပြီး
ယခု(၂၀၁၄)ခုနှစ်တွင် ပဉ္စမအကြိမ်အဖြစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။
ပဉ္စမအကြိမ်မြောက် တိုင်းရင်းဆေးညီလာခံ၏
ဆောင်ပုဒ်မှာ "တိုင်းရင်းဆေးပညာအား နိုင်ငံ၏ ကျန်းမာ ရေးစောင့်ရှောက်မှု စနစ်အတွင်း
ပူးပေါင်းကြပါစို့" ဖြစ်သည်။
ပဉ္စမအကြိမ်မြောက် အာဆီယံတိုင်းရင်းဆေးညီလာခံသို့
တက်ရောက်လာကြသည့် ကိုယ်စားလှယ် များအား ယနေ့ ညပိုင်းတွင် ကရဝိတ်နန်းတော် ဥတ္တရခန်းမ၌
ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံကြောင်း သတင်းရရှိ သည်။
No comments:
Post a Comment