Tuesday, August 26, 2014

တက္ကသိုလ်ပေါင်းစုံ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ မုံရွာတွင် ကျင်းပ

မုံရွာ၊ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ တက္ကသိုလ်ပေါင်းစုံ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ(၂၅)ရက် မွန်းလွဲ(၁၂း၃၀)နာရီအချိန်က မုံရွာတက္ကသိုလ်ကျောင်းဝင်းအတွင်း (၃)ထပ်ဆောင်ရှေ့တွင် ကျင်းပပြုလုပ်ရာ
မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(ဗဟို) အလုပ် အမှုဆောင် ကော်မတီဝင် ဦးသိန်းကြည်မှ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဖွဲ့စည်းရခြင်းနှင့် ရည်ရွယ် ချက်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြီး မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှ စိတ်/မူးယစ် ဆေးစွဲ အထူးကုဆရာဝန်ကြီး ဒေါက်တာ ကြည်စိုးဝင်းမှ ယနေ့လူငယ်များနှင့် မူးယစ်ဆေးဝါး ပြဿနာများ အကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးလူမင်း ဦးဆောင်၍ အနုပညာရှင်များဖြစ်ကြသည့် မီးမီး၊ နန်းခင်ဇေယျာ၊ ညီထွဋ်ခေါင်၊ သန္တာဗိုလ်၊ ရာဇာနေဝင်း၊ ယုသန္တာတင်၊ ထွန်းလင်း၊ အိချောပို၊ စည်သူလွင်၊ လင်းလင်းစသည့် အနုပညာရှင်များက ဧည့်ခံသီဆို ဖျော်ဖြေပေးကြကာ မုံရွာတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ထွန်းနှင့် ဇနီးတို့က လက်ဆောင် ပစ္စည်းများ ပေးအပ်ရာ အနုပညာရှင်များကိုယ်စား ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီလူမင်းနှင့် ဇနီးတို့က လက်ခံရယူခဲ့ကြသည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲသို့ မုံရွာတက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်မှ ကျောင်းသား/ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား(၁၁၅၀၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။

No comments:

Post a Comment