Tuesday, August 26, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုရရှိသူများအား ဆုပေးအပ်ချီးမြှင့်





နေပြည်တော်-ဩဂုတ် ၂၆

အဆင့်မြင့်ပညာကဏ္ဍ အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)  (MICC-II) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်အားပေးပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။


အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗြိတိသျှကောင်စီနှင့် Edulink Australia မှ အကဲဖြတ်ဒိုင်များ၊ ဆုရရှိကြသည့် ကျောင်းသား ၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြသည်။

အခမ်းအနားတွင် တက္ကသိုလ်ကျောင်းသူများက အပျိုတော်အကနှင့် ဆီးမီးခွက်အက၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများက ရှမ်းအကနှင့် လီဆူးအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး အကအဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် စာစီစာကုံးပြိုင်ပွဲ ဘွဲ့လွန်အဆင့်ပြိုင်ပွဲ၌ ပထမဆုရရှိသော မခင်ဝင့်ဝါထွန်းနှင့် ဘွဲ့ကြိုအဆင့် ပြိုင်ပွဲ၌ ပထမဆုရရှိသော မောင်ကျော်မျိုးဝင်းတို့က ဆုရစာစီစာကုံးများကိုဖတ်ကြားကြသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ ဘွဲ့လွန်အဆင့်ပြိုင်ပွဲ၌ ပထမဆုရရှိသော မောင်ညီညီထွေးနှင့်အဖွဲ့က သရုပ်ပြဆွေးနွေးကြသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲ ဘွဲ့လွန်အဆင့်ပြိုင်ပွဲ၌ ပထမဆုရရှိသော မောင်ငွန်လျန်ဆန်းနှင့် ဘွဲ့ကြိုအဆင့်ပြိုင်ပွဲ၌ ပထမဆုရရှိသော မစုပြည့်စုံတို့က သရုပ်ပြကျပန်းစကားပြောကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက အကဲဖြတ်ဒိုင်များအား လက်ဆောင်ပစ္စည်း များပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဘွဲ့လွန်အဆင့်စာစီစာကုံး၊ ကျပန်းစကား ပြောနှင့် စကားဝိုင်းဆွေးနွေးပွဲပြိုင်ပွဲ(၃)ခုပေါင်းတွင် တတိယဆုရ မောင်အာကာကျော်၊ စာစီစာကုံးပြိုင်ပွဲ တတိယဆုရ မမြတ်သူဇာ၊ ကျပန်းစကားပြောပြိုင်ပွဲ တတိယဆုရ မောင်အာကာကျော်၊ စကားဝိုင်း ဆွေးနွေးပွဲ တတိယဆုရ မောင်ဥက္ကာဇံနှင့် အဖွဲ့တို့အားလည်းကောင်း၊ ဘွဲ့ကြိုအဆင့်စာစီစာကုံး၊ ကျပန်းစကားပြောနှင့် စကားဝိုင်း ဆွေးနွေးပွဲပြိုင်ပွဲ(၃)ခုပေါင်းတွင် တတိယဆုရ မအေးချယ်ရီထွန်း၊ စာစီစာကုံးပြိုင်ပွဲ တတိယဆုရ မစုပြည့်စုံ၊ ကျပန်းစကားပြောပြိုင်ပွဲ တတိယဆုရ မောင်လာလ်ရွေးလျန်၊ စကားဝိုင်းဆွေးနွေးပွဲပြိုင်ပွဲ တတိယဆုရ မမေမိုးပွင့်ဖြူနှင့် အဖွဲ့တို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဘွဲ့လွန်အဆင့် စာစီစာကုံး၊ ကျပန်းစကားပြောနှင့် စကားဝိုင်း ဆွေးနွေးပွဲ ပြိုင်ပွဲ(၃)ခုပေါင်းတွင် ဒုတိယဆုရ မောင်ငွန်လျန်ဆန်း၊ စာစီစာကုံးပြိုင်ပွဲ ဒုတိယဆုရ မောင်အွမ်ဆွင်းခိုင်၊ ကျပန်းစကားပြောပြိုင်ပွဲ ဒုတိယဆုရ မောင်ညီညီထွေး၊ စကားဝိုင်းဆွေးနွေးပွဲ ဒုတိယဆုရ မောင်အာကာကျော်နှင့်အဖွဲ့တို့အားလည်းကောင်း၊ ဘွဲ့ကြိုအဆင့် စာစီစာကုံး၊ ကျပန်းစကားပြောနှင့် စကားဝိုင်း ဆွေးနွေးပွဲပြိုင်ပွဲ(၃)ခုပေါင်းတွင် ဒုတိယဆုရ မအဲမွန်စီ၊ စာစီစာကုံးပြိုင်ပွဲ ဒုတိယဆုရ မရဲရင့်၊ ကျပန်းစကားပြောပြိုင်ပွဲ ဒုတိယဆုရ မအေးချယ်ရီထွန်း၊ စကားဝိုင်းဆွေးနွေးပွဲပြိုင်ပွဲ ဒုတိယဆုရ မောင်လင်းကိုကိုနှင့် အဖွဲ့တို့အား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဘွဲ့လွန်အဆင့် စာစီစာကုံး၊ ကျပန်းစကားပြောနှင့် စကားဝိုင်း ဆွေးနွေးပွဲပြိုင်ပွဲ (၃)ခုပေါင်းတွင် ပထမဆုရ မောင်ညီညီထွေး၊ စာစီစာကုံးပြိုပွဲ ပထမဆုရ မခင်ဝင့်ဝါထွန်း၊ ကျပန်းစကားပြောပြိုင်ပွဲ ပထမဆုရ မောင်ငွန်လျန်ဆန်း၊ စကားဝိုင်းဆွေးနွေးပွဲ ပထမဆုရ မောင်ညီညီထွေးနှင့် အဖွဲ့တို့အားလည်းကောင်း၊ ဘွဲ့ကြိုအဆင့် စာစီစာကုံး၊ ကျပန်းစကားပြောနှင့် စကားဝိုင်းဆွေးနွေးပွဲပြိုင်ပွဲ (၃)ခုပေါင်းတွင် ပထမဆုရ မစုပြည့်စုံ၊ စာစီစာကုံးပြိုင်ပွဲ ပထမဆုရ မောင်ကျော်မျိုးဝင်း၊ ကျပန်းစကားပြောပြိုင်ပွဲ ပထမဆုရ မစုပြည့်စုံ၊ စကားဝိုင်းဆွေးနွေးပွဲပြိုင်ပွဲ ပထမဆုရ မောင်ခင်ဦးနှင့်အဖွဲ့တို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများနှင့် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယနေ့ကျင်းပသည့် အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကားစွမ်းရည်ပြိုင်ပွဲ၏ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စကားဝိုင်းဆွေးနွေးပွဲပြိုင်ပွဲများသို့ ဘွဲ့ကြိုအဆင့် ပြိုင်ပွဲဝင် ၂၄ ဦးနှင့် ဘွဲ့လွန်အဆင့် ပြိုင်ပွဲဝင် ၁၆ ဦး စုစုပေါင်း ၄၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင်များသည် တက္ကသိုလ်အဆင့်နှင့် အဆင်မြင့်ပညာ ဦးစီးဌာနအဆင့်များတွင် ဆုရရှိပြီး အမျိုးသားအဆင့်ကို ဝင်ရောက် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ ပြိုင်ပွဲတွင် ပြောကြားရသည့် ခေါင်းစဉ်များသည် ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများအား ကြိုတင်အသိပေးထားခြင်း မရှိသော ခေါင်းစဉ်များဖြစ်သည်။ ယခုပြိုင်ပွဲတွင် ဗြိတိသျှကောင်စီမှ အကဲဖြတ်ဒိုင် လေးဦးနှင့် Edulink  Australia မှ အကဲဖြတ်ဒိုင်တစ်ဦးတို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အမျိုးသားအဆင့် အင်္ဂလိပ်ဘာသာစကားစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသား ကျောင်းသူ များအား ငွေကျပ်ငါးသိန်း၊ ဒုတိယဆုရရှိသူများအား ငွေကျပ်သုံးသိန်းခွဲ၊ တတိယဆုရရှိသူများအား ငွေကျပ် နှစ်သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါ ချီးမြှင့်ငွေများကို နိုင်ငံတော်သမ္မတ၏ ပညာထူးချွန်သူများ ဆုချီးမြှင့်ရေး ရန်ပုံငွေနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment