Tuesday, August 26, 2014

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်နှင့်အဖွဲ့ မြေပုံနှင့် စစ်တွေမြို့နယ် ကယ်ဆယ်ရေးစခန်းများသို့သွားရောက်ကြည့်ရှု




စစ်တွေ-ဩဂုတ် ၂၆

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ နမ်ဗီးယားနှင့်အဖွဲ့သည် ဩဂုတ်(၂၄)ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးအောင်သန်းတင်တို့နှင့်အတူ မြေပုံမြို့သို့ ရောက်ရှိပြီး မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကွန်ရက်၊ အမျိုးသမီးကွန်ရက် (ယာယီ)၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ NGO,  INGOs အဖွဲ့များ၏ အခန်းကဏ္ဍများနှင့် နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်စွာ နေထိုင်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။


ယင်းနောက် မြေပုံမြို့ ကံသာထွက်ဝရပ်ကွက်ရှိ တိုင်းရင်းသားကယ်ဆယ်ရေးစခန်းနှင့် တောင်ပေါ် ကယ်ဆယ်ရေး စခန်းတို့သို့ သွားရောက်ကာ နိုင်ငံသားပြုခွင့်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရုံးတွင် ဘင်္ဂလီများအား ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုကို ကြည့်ရှုသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော ဆေးခန်း၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုမေးမြန်းပြီး ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီမိသားစုဝင်များနှင့် တွေ့ဆုံ၍ လူ့အဖွဲ့အစည်းအကြား တစ်ဖက်နှင့်တစ်ဖက် ပုံမှန်နေထိုင်ရေး၊ နိုင်ငံသားဖြစ်မှုဥပဒေအရ စစ်ဆေးနေမှုအပေါ် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရေး၊ ရေလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ခွင့်နှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြေပုံမြို့ ရွာသစ်ကေရပ်ကွက်ရှိ ပညာ့ဗိမာန်ရိပ်သာ ပရိယတ္တိစာသင်တိုက်မှ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာဘောဂအား သွားရောက်ဖူးမြော်ပြီး မြို့ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများအား လျှောက်ထားကာ ညနေ(၄)နာရီတွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။

ဩဂုတ်(၂၅)ရက် နံနက်ပိုင်းတွင် စစ်တွေမြို့ စက်ရုံစုတိုင်းရင်းသားကယ်ဆယ်ရေးစခန်းနှင့် သက္ကေပြင်၊ ခေါင်းဒုက္ကာ ဘင်္ဂလီကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိပြီး စခန်းများရှိ အိမ်ထောင်စုဝင်များအား တွေ့ဆုံ မေးမြန်း အားပေးသည်။


ထို့နောက် နံနက်(၁၀)နာရီခွဲတွင် မစ္စတာနမ်ဗီးယားနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment