Saturday, August 2, 2014

ကိုရီးယားပေါ့အဖွဲ့တစ်ဖွဲ့ဖြစ်သည့် 2NE1၏ ဖျော်ဖြေမှုအစီအစဉ် မြန်မာလူငယ်တို့၏ စိတ်ဘဝင်ကို လှုပ်ရှားစေ





ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မစန္ဒီဦးနှင့် သူငယ်ချင်းများအတွက် မမေ့နိုင်စရာ နေ့တစ်နေ့ကို ဩဂုတ် ၁ရက်က ကြုံဆုံရသည်။ သူ့သူငယ်ချင်း များအပြင် ဆယ်ကျော်သက် အများစုအတွက် အနှစ်သက်ဆုံး ကမ္ဘာကျော် ကိုရီးယားအဆိုတော်မလေး များကို မိမိနိုင်ငံအတွင်း လာရောက်ဖျော်ဖြေမှုအတွက် အတိုင်းမသိ ပျော်ရွှင်နေကြသည်ကို ကျေနပ်မိသဖြင့် မျက်ရည်များပင် စီးကျမိသည်ဟု မစန္ဒီဦးက ပြောသည်။

ကမ္ဘာကျော် ကိုရီးယားကေပေါ့ အဖွဲ့တစ်ခုဖြစ်သော 2NE1 အဖွဲ့မှာ  ဆမ်ဆောင်းမြန်မာမှ တာဝန်ယူ ဖိတ်ခေါ်သည့် ဆမ်ဆောင်း ဂလက်ဇီ အာရှဖျော်ဖြေပွဲ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ မြန်မာနှင့် တရုတ်နိုင်ငံများ သို့ ဖျော်ဖြေပွဲခရီးစဉ်အဖြစ် ဩဂုတ် ရက်၌ ဖျော်ဖြေရန် ရန်ကုန်မြို့သို့ ရောက်ရှိနေကြပြီဖြစ်သည်။
လုံးဝ မျှော်လင့်မထားပါဘူး။ မြန်မာနိုင်ငံမှာ ဖျော်ဖြေရမယ်ဆိုတဲ့ အချိန်မှာ စိတ်လှုပ်ရှားပါတယ်။ ပရိသတ် ဒီလောက်ရှိနေမယ်ဆိုတာ မယုံနိုင်ဘူး။ 2NE1ဆိုတာ ပရိသတ် ကြောင့် ရပ်တည်ခွင့်ရတာဖြစ်ပါတယ်။ ပရိသတ်ကြီး တောင်းဆိုသလောက်အတတ်နိုင်ဆုံး ဖျော်ဖြေသွားမယ်ဟု 2NE1 အဖွဲ့ဝင် စီအယ်လ်က ဩဂုတ် ရက်က ပြည်တွင်းစာနယ် တွေ့ဆုံပွဲအတွင်း ပြောကြားသည်။
ဆမ်ဆောင်းအီလက်ထရွန်နစ် ထုတ်ကုန်များကို ဝယ်ယူခြင်းဖြင့် ငွေကျပ် နှစ်သောင်းခွဲတန် 2NE1 လက်မှတ်များကို အကန့်အသတ်ဖြင့် ထုတ်ပေးရန် စီစဉ်ပေးထားသည့် အစီအစဉ်နှင့် တွဲဖက်ကာ ရှင်စောပု
လမ်းရှိ Myanmar Event Park  အတွင်း ဖျော်ဖြေပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုကို ဩဂုတ် ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ စာနယ်ဇင်းများအပြင် လာရောက် အားပေးသူ ကိုးထောင်ကျော် ရှိခဲ့ ကြောင်း သိရသည်။
စိတ်အလွန် လှုပ်ရှားမိတယ်။ ကိုယ့်တိုင်းပြည်မှာ လာရောက် ဖျော်ဖြေပေးတဲ့အတွက် ကျေးဇူးတင် သလို ဂုဏ်လည်းယူတယ်။ ကျွန်တော်တို့အနေနဲ့ အခြားတိုင်းပြည်တွေလို နိုင်ငံတကာအနုပညာရှင်တွေကို အားပေးတယ်ဆိုတာ သူတို့သိသွားလို့ကျေနပ်တယ်။ ကျွန်တော်တို့ကျောင်း မှာ သူတို့သီချင်းတွေမရသူ မရှိ သလောက်ပါ။ အနည်းဆုံးတော့ မြန်မာနိုင်ငံက ပရိသတ်တွေရှိနေ တယ်ဆိုတာ သူတို့သိစေချင်တယ်ဟု နိုင်ငံတကာပညာရေးကျောင်း တစ်ကျောင်းတွင် တက်ရောက်နေသူ တက္ကသိုလ်ဝင်တန်းကျောင်းသား ကိုတေဇာလင်းက ပြောပြသည်။
ကိုရီးယားတေးဂီတ ကေပေါ့ပ် အဖွဲ့များအတွင်း 2NE1မှာ လူကြိုက် အများဆုံးအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မြန်မာ ပရိသတ်များ ကြိုက်နှစ်သက်မှုအရှိဆုံး အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။ မြန်မာ နိုင်ငံသို့ ကိုရီးယားယဉ်ကျေးမှုများမှာ ကိုရီးယားရုပ်သံတွဲများမှတစ်ဆင့်ဝင်ရောက်လာခဲ့ပြီး ပေါ့ပါးသွက် လက်သည့်ဖျော်ဖြေမှုများ၊ ကိုရီးယား ဘာသာစကားအပြင် အင်္ဂလိပ်ဘာသာစကားဖြင့်လည်း ကမ္ဘာ တစ်ဝန်းကျော်ကြားသည့် တေးသီချင်း များကိုသီဆိုနိုင်သည့် 2NE1 အဖွဲ့ အား မြန်မာနိုင်ငံသို့ ဖျော်ဖြေခွင့် ရရှိရန်အတွက် ဆမ်ဆောင်းမြန်မာက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဖျော်ဖြေပွဲကို ရန်ကုန်မြို့ Myanmar Event Park  တွင် ဩဂုတ် ရက်၌ ကျင်းပသွားမည်ဖြစ် ပြီး အမေရိကန်၊ ဗြိတိန်အစရှိသည့်နိုင်ငံများတွင်ဖျော်ဖြေခဲ့သည့် အဆင့် အတန်းအတိုင်း အသံပိုင်းဆိုင်ရာများ နှင့် တင်ဆက်မှုပိုင်းဆိုင်ရာများအရည်အသွေးကို ထိန်းသိမ်းဖျော်ဖြေ သွားမည်ဖြစ်သည်ဟု ဆိုသည်။အမှန်အတိုင်းပြောရရင် မြန်မာကို သိပ်မသိပါဘူး။ အခုတော့ သိပါပြီ။ လေဆိပ်ကို စရောက်ကတည်းက နွေးထွေးတဲ့ ပရိသတ် တစ်ထောင်ကျော်က စောင့်ကြိုအားပေးကြ တယ်။ စာနယ်ဇင်းရှင်းလင်းပွဲမှာလည်း တစ်ခါမှ မတွေးထားလောက်တဲ့ပရိသတ်ကြီးရဲ့အားပေးမှုကို ရရှိပါတယ်။ နောက်တစ်ကြိမ် လာရောက် ဖျော်ဖြေခွင့်ရဖို့လည်း မျှော်လင့်မိတယ်။ ကျွန်မတို့ရဲ့ အဓိကပရိသတ် က လူငယ်တွေဖြစ်နေတာကြောင့် ဖက်ရှင်ပိုင်းဆိုင်ရာမှာလည်း ကျွန်မ တို့ရဲ့ ကျော်ကြားတဲ့ Black Jack  ဖက်ရှင် ကို မြန်မာလူငယ်တွေကြားမှာ မြင်တွေ့ရတာ စိတ်လှုပ်ရှားစေတယ်ဟု 2NE1အဖွဲ့မှ မြန်မာပရိသတ် အားပေးမှု အရရှိဆုံးဖြစ်သည့် မင်ဇီ က ပြောကြားသည်။ ဩဂုတ် ၂ရက်တွင် ကျင်းပမည့် 2NE1၏ မြန်မာနိုင်ငံဖျော်ဖြေပွဲ အတွင်း လက်မှတ်ဈေးနှုန်းများကိုငွေကျပ်နှစ်သောင်းငါးထောင်မှ ငွေကျပ် ကိုးသိန်းအထိ သတ်မှတ်ထားသော်လည်း အချို့လက်မှတ်များမှာ အဆတိုးပေးကာ ဝယ်ယူရန်ပင် ခက်ခဲ လျက်ရှိနေကြောင်း ဝယ်ယူလိုသူများ ထံမှသိရသည်။ ထို့အပြင် ဆမ်ဆောင်း၏ 2NE1ဖျော်ဖြေပွဲအတွင်း ပြည်တွင်းမှ စကိုင်းနက် ရုပ်သံလိုင်း တစ်ခုကိုသာ အကန့်အသတ်ဖြင့်ရိုက်ကူးခွင့်ပေးထားပြီး မည်သည့်ကင်မရာ၊ လက်ကိုင်ဖုန်းစသည့် အီလက်ထရွန်နစ် ပစ္စည်းများအားလုံးကိုမှ ရိုက်ကူးခွင့်မပြုကြောင်း ပွဲစီစဉ်သူများက သတင်းထုတ်ပြန်ထား သည်။
ကမ္ဘာကျော် အဆိုတော်များဖြစ်ခြင်းကြောင့် ၎င်းတို့၏ဖျော်ဖြေပွဲ ဓာတ်ပုံများ အွန်လိုင်းသို့ ရောက်ရှိ ပါက တန်ကြေးသည် အလွန်များပြားသည့်အပြင် ပရိသတ်ကြီးနှင့် လွတ်လပ်ပျော်ရွှင်စွာ ဖျော်ဖြေရန်အတွက် လက်ကိုင်ဖုန်းများဖြင့် ဓာတ်ပုံရိုက်ကူး ပါက ပွဲမပြီးမချင်း သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
ကိုရီးယားတို့၏ အနုပညာသည် နိုင်ငံ၏ အရေးပါသည့်စီးပွားရေး လုပ်ငန်းအသွင်ကို ဆောင်လျက်ရှိပြီး ကိုရီးယားယဉ်ကျေးမှုသည်လည်း ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့ကာ လူငယ်များ အကြား ရေပန်းစားလျက်ရှိသည်။ ယခုလည်း လူငယ်များအကြိုက် 2NE1သည် မြန်မာလူငယ်ပရိသတ် ကြီးအား ဖမ်းစားလျက်ရှိနေသည်ကို တွေ့ရသည်။

No comments:

Post a Comment