Monday, July 28, 2014

The Map of Bagan (MOB-16) အခမဲ့စတင်ဖြန့်ချိ



ရန်ကုန်    ဇူလိုင်   ၂၈
Design Printing Services Co., Ltd သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၁၉၉၅ ခုနှစ် မှစ၍ Guide  Map အမျိုးမျိုးတို့ကို စောင်ရေ (၂၃ သိန်း သောင်း)ထိ စီစဉ်ပုံနှိပ်နိုင်ခဲ့ပြီး ယခု The Map of Bagan (MOB-16) ကိုအခမဲ့စတင်ဖြန့်ချိနေပြီဖြစ်သည်။ ၎င်းလမ်းညွှန်မြေပုံများတွင် မြေပုံများကို ရှင်းလင်း ပြတ်သားစွာ ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များ၏ လက်စွဲလမ်းညွှန်မြေပုံတစ်ခုလိုပင် ဖြစ်နေသည့်အပြင် ပြည်တွင်းရှိ ဧည့်သည်များပါ ၎င်းလမ်းညွှန်မြေပုံ များ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ စိတ်ဝင်စားဖွယ်နေရာများကို အချိန်ကုန်သက်သာစွာဖြင့် သွားရောက်နိုင်ပြီ ဖြစ်သည်။

ယခုဖြန့်ချိနေပြီဖြစ်သော The Map of Bagan (MOB-16) တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ် ပေါများရာနယ်မြေဖြစ်သော ပုဂံသို့လာရောက် လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များအတွက် အဓိကထား၍ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးမြေပုံများကို ရှင်းလင်းစွာ ဖော်ပြထားသည့်အပြင် ပုဂံမြို့၏ တည်းခိုရာနေရာများ၊ စားသောက်ဆိုင်များ၊ အမှတ်တရလက်မှုပစ္စည်း အရောင်းဆိုင်များ၊ စေတီပုထိုးများကို တည်နေရာနှင့်တကွ တိကျစွာဖော်ပြထားသည်မှာ ၎င်းလမ်းညွှန်မြေပုံ၏ ထူးခြားမှု ပင်ဖြစ်သည်။
အဆိုပါလမ်းညွှန်မြေပုံများကို ရန်ကုန်လေဆိပ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ဧည့်သည်တိုင်းကို အခမဲ့ဝေငှပေး လျက်ရှိပြီး ပြည်ပနိုင်ငံများသို့လည်း  ထိရောက်စွာဖြန့်ဖြူးပေးလျက် ရှိသည့်အပြင် နိုင်ငံတကာ တွင်ကျင်းပလျက်ရှိသည့် Travel Show များ၊ နိုင်ငံတကာရှိ မြန်မာသံရုံးများ၊ မြန်မာနိုင်ငံရှိသံရုံးများသို့ စနစ်တကျ ပေးပို့ဖြန့်ချိပေးလျက်ရှိသည်။
အဆိုပါ လမ်းညွှန်မြေပုံများကို ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သောလုပ်ငန်းများ၊ ဧည့်လမ်းညွှန် များသည် ကုမ္ပဏီမှတ်ပုံတင်မိတ္တူနှင့် ကိုယ်စားလှယ်လွှဲစာပြသ၍ မြန်မာ့ခရီးသွားလုပ်ငန်း(ဆူးလေ) တွင်လည်းကောင်း၊ ၃၅ လမ်း (အလယ်ဘလောက်)ရှိ (D.P.S)  တွင်လည်းကောင်း ရုံးချိန်အတွင်း အခမဲ့ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
ဆက်သွယ်ထုတ်ယူနိုင်သည့်လိပ်စာမှာ အမှတ်(၁၆၅-၁၆၇) ပထမထပ် ၃၅ လမ်း ကျောက်တံတား မြို့နယ် ရန်ကုန်မြို့ ဖုန်း (၉၅-) ၂၀၄၀၂၀၊ ၂၀၄၂၀၀၊ ဖက်စ်ဖုန်း (၉၅-) ၂၄၅၂၃၀  ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment