မိတ္ထီလာ
ဇွန် ၃၀
မိတ္ထီလာတွင် တယ်လီနောနှင့် အော်ရီဒူးတို့က ဒေသခံပြည်သူများကို နိုင်ငံတကာအဆင့်မီ မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများပေးရန် တာဝါတိုင်စိုက်ထူခြင်းလုပ်ငန်းများကို ဇွန်လဆန်းပိုင်းက စတင်ပြီး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“တယ်လီနော အနေနဲ့တော့ မိတ္ထီလာမြို့မှာ ဆက်သွယ်ရေးတာဝါတိုင် ခုနစ်တိုင်ကို ကနဦးတပ်ဆင်ဖို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အခု ပထမဦးဆုံး တောမကျေးရွာအနီးမှာ တယ်လီနောရဲ့ ပထမဆုံးဆက်သွယ် ရေးတာဝါတိုင်ကို စတင်တည်ဆောက်ဖို့
ဆောင်ရွက်နေပါတယ်။ ဒေသခံပြည်သူတွေကို တန်ဖိုးနည်းမိုဘိုင်းဖုန်းနဲ့ နိုင်ငံတကာအဆင့်မီသုံးစွဲသွားနိုင်အောင် အဆင့်ဆင့် ကြိုးစားဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနော မိုဘိုင်းဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတာဝန်ခံတစ်ဦးက ပြောသည်။ မိတ္ထီလာတွင် တယ်လီနောအပြင် အော်ရီဒူး မိုဘိုင်းဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုမှလည်း မြို့ပေါ်နှင့် ကျေးရွာဒေသများ၌ စုစုပေါင်း ဆက်သွယ်ရေးတာဝါတိုင် ၁၃ တိုင်အထိ တည်ဆောက်စိုက်ထူသွားရန်ရှိရာ တာဝါတိုင် ငါးတိုင်ကို တည်ဆောက်ခွင့်ပြုပြီးဖြစ်ရာ ရန်မျိုးအောင်ရပ်ကွက် အနောက်ပိုင်းတော်ဝင်နန်းခန်းမအနီးတွင် နိုင်ငံတကာ အဆင့်မီ ဆက်သွယ်ရေးတာဝါတိုင် တစ်တိုင်ကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်ထံမှ သိရသည်။
တယ်လီနောနှင့် အော်ရီဒူးမိုဘိုင်း ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို လာမည့် စက်တင်ဘာလအတွင်း စတင်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး မိုဘိုင်းဖုန်းခေါ်ဆိုခများကိုလည်း ယခုခေါ်ဆိုခနှုန်းများ၏ ထက်ဝက်ခန့်သို့ ထက်ဝက်အောက်အထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment