Wednesday, July 2, 2014

ကိုရီးယားရောက် ချောင်းဦးဇာတိဖွား မြန်မာများက မီးဘေးသင့်အိမ်ထောင်စုများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ချောင်းဦး ဇွန် (၂၈)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ ချောင်းဦးမြောက်ရပ်ကွက် ရွာမရပ်တွင် မေ(၃၁)ရက်က မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော အိမ်ထောင်စုများကို အနယ်နယ်အရပ်ရပ်မှ စေတနာရှင် မိဘပြည်သူများက ထောက်ပံ့လှူဒါန်းလျှက်ရှိရာ ဇွန်(၂၈)ရက်က ကိုရီးယားရောက် ချောင်းဦး ဇာတိဖွား မြန်မာများက ငွေကြေးများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


ကိုရီးယားတွင်ရောက်ရှိနေသော ချောင်းဦးဇာတိဖွား မြန်မာများအဖွဲ့အလှူရှင် (၄၈)ဦးက မီးဘေးသင့် အိမ်ထောင်စု တစ်စုလျှင်(၅၄၅၀၀ိ/)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၅၄)စုအတွက် လှူဒါန်းငွေ (၂၉၈၄၀၀၀ိ/)ကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အလှူရှင်တစ်ဦး၏ မိဘဖြစ်သူက ကိုရီးယားမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ချောင်းဦးအဖွဲ့ဟာ မိမိတို့မြို့ရဲ့ သာရေးနာရေးကိစ္စတွေမှာ ဒီလိုဝိုင်းဝန်းစုပေါင်း လှူဒါန်းလေ့ရှိပါတယ်။ “ဧရိပ်မွန်(၂)” မိဘမဲ့မိန်းကလေးကျောင်းကိုလည်းလစဉ်ထောက်ပံ့လှူဒါန်းလျှက်ရှိကြောင်း၊ ချောင်းဦးမြို့ မီးလောင်တဲ့ သတင်းကြား တဲ့အတွက် ချောင်းဦးအဖွဲ့သားတွေ အားတက်သရော ဝိုင်းဝန်းလှူဒါန်းကြတာကြောင့် မိဘများ အနေနဲ့လည်း ဝမ်းသာကြည်နူး ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။ 

No comments:

Post a Comment